အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်တဲ့ အကြမ်းဖက်လုပ်ရပ်ကို ပြင်းထန်စွာရှုတ်ချကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးဌာနတွေနဲ့ တော်လှန်ရေးအဖွဲ့တွေက ဒီနေ့ ထုတ်ပြန်ကြေညာပါတယ်။
ရန်ကုန်မြို့ ၊ အနော်ရထာလမ်းပေါ်ရှိ ဘားလမ်းကားမှတ်တိုင် လူစည်ကားရာနေရာမှာ မေ ၃၁ ရက် ညနေက အင်းအားပြင်းတဲ့ ဗုံးပေါက်ကွဲမှုဖြစ်ပြီး အရပ်သားပြည်သူ ၇ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တာနဲ့ ပတ်သက်ပြီး ထုတ်ပြန်ကြေညာလိုက်တာပါ။
အဆိုပါ ဗုံးခွဲမှုနဲ့ ပတ်သက်ပြီ ဘယ်အဖွဲ့ကမှ သူတို့ရဲ့ လက်ချက်လို့ ထုတ်ပြန်ကြေညာတာ မရှိသေးသလို စစ်ကောင်စီကလည်း တုံ့ပြန်တာမရှိသေးပါဘူး။
NUG ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ လူမျိုးပေါင်းစုံ ပြည်သူလူထုအား ကာကွယ် စောင့်ရှောက်ရေးနဲ့ ပြည်သူလူထုလုံခြုံရေးကို ရည်မှန်းချက်တခုအဖြစ် ထည့်သွင်းကာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုထူထောင်နိုင်ရေးအတွက် ကြိုးစားဆောင်ရွက်နေရာမှာ အခုလို အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်တဲ့ အကြမ်းဖက်လုပ်ရပ်ကို ပြင်းထန်စွာရှုတ်ချကြောင်း ထုတ်ပြန်ထားပါတယ်။
သမိုင်းကြောင်းတလျောက် မိမိတို့အာဏာတည်မြဲရေးအတွက် ပြည်သူလူထုရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ထင်သလိုပြုမူနေတဲ့ အကြမ်းဖက်စစ်ကောင်စီအနေနဲ့ ပျူစောထီး၊ သွေးသောက်အဖွဲ့ စတဲ့ အစွန်းရောက်လက်ပါးစေအဖွဲ့တွေ မွေးမြူကာ အကြမ်းဖက်လုပ်ရပ်တွေကို ကျူးလွန်နေပြီး တိုင်းရင်းသားလက်နက်ကိုင်ကို တော်လှန်ရေး အင်အားစုတွေကို အပြစ်ပုံချတဲ့ လုပ်ရပ်များစွာ သာဓက အနေနဲ့ရှိခဲ့လို့ ပြည်သူလူထုအနေနဲ့ အသိ၊ သတိရှေ့ထား နေထိုင်သွားကြဖို့ နှိုးဆော်ထားပါတယ်။
အခုလို လုပ်ရပ်တွေကို တရားမျှတမှုပြန်လည်ရရှိစေရေးအတွက် စုံစမ်းစစ်ဆေးဖော်ထုတ် အရေးယူတဲ့ လုပ်ငန်းစဉ်တွေကို ဆက်လက်လုပ်ကိုင်ဆောင်ရွက်သွားမယ်လို့လည်း NUG ကာကွယ်ရေးဌာန ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အခုလို အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး အကွက်ချတိုက်ခိုက်မှုအပါအဝင် အပြစ်မဲ့ ပြည်သူတွေကိုဦးတည် အကြမ်းဖက်လုပ်ရပ်ပြုလုပ်နေတဲ့အပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချတယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ထုတ်ပြန်ကြေညာထားပါတယ်။
အလားတူ NUG အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဒေါက်တာဆာဆာကလည်း ဒီလုပ်ရပ်ဟာ လုံးဝလက်ခံနိုင်စရာ အကြောင်းမရှိတဲ့အကြောင်း၊ ဗုံးကွဲမှုမှာ ထိခိုက်ဒဏ်ရာရသေဆုံး သူတွေအတွက် မိသားစုနဲ့ထပ်တူ အလွန်ဝမ်းနည်းစိတ်မကောင်းဖြစ်ရကြောင်း၊ ထိခိုက်နစ်နာသူတွေအတွက်တရားမျှတမှုရရှိအောင် ဆောင်ရွက်သွားမှာဖြစ်ပြီး မြန်မာပြည်သူတွေအပေါ် အခုလို အကြမ်းဖက်မှုနဲ့ ပတ်သက်ပြီး အပြင်းအထန်ကန့်ကွက်ရှုတ်ချတယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။
ဒီဗုံးပေါက်ကွဲမှုဟာ အကြမ်းဖက်စစ်ကောင်စီရဲ့ အကွက်ဆင်လုပ်ကြံမှု ဖြစ်တယ်လို့ ရန်ကုန်မှာ စစ်ကောင်စီပစ်မှတ်တွေကိုတိုက်ခိုက် ပြောက်ကျားစစ်ဆင်ရေးဆင်နွှဲနေတဲ့ တော်လှန်ရေးအဖွဲ့တဖွဲ့ဖြစ်တဲ့ ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့ ကပြောပါတယ်။
“ဒီဗုံးပေါက်ကွဲမှုက တော်လှန်ရေးကို ပုံဖျက်လိုတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ အကွက်ဆင်လုပ်ကြံမှုပဲ။ သူတို့ဗျူဟာက ပြည်သူကို ဓားစာခံလုပ်ပြီး ထိခိုက်အောင်လုပ်မယ်။ ပြည်သူ့တော်လှန်ရေးရဲဘော်တွေနဲ့ ပြည်သူတွေကြားမှာ သွေးကွဲအောင် လုပ်နေတာ အရှင်းကြီးပါ။ အပြစ်မဲ့ ပြည်သူတွေ အခုလို ထိခိုက်သေဆုံးရတဲ့အတွက် အများကြီး ဝမ်းနည်းမိပါတယ်။ ဒီလို လုပ်ဆောင်ခဲ့တဲ့ အကြမ်းဖက်စစ်တပ်နဲ့ လက်ပါးစေတွေကို ထိထိရောက်ရောက် လက်တုံ့ပြန်သွားမှာပါ”လို့ ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့ရဲ့ သတင်းပြန်ကြားရေးနဲ့ စိတ်ဓာတ်စစ်ဆင်ရေးတာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။
ပြည်သူ့တော်လှန်ရေး အင်အားစုတွေအနေနဲ့ ပြည်သူကို ဘယ်တော့မှ ထိခိုက်နစ်နာအောင် မလုပ်ခဲ့ဘူးလို့လည်း ပြောပါတယ်။
“အပြစ်မဲ့ ပြည်သူတွေကို ခေါင်းတည့်တည့်ချိန်ပြီးပစ်ခဲ့တာ ဘယ်သူတွေလဲ၊ အပြစ်မဲ့ ရွာသူရွာသားကို ဖမ်းဆီးနှိပ်စက်ပြီး ရွာလုံးကျွတ်မီးရှို့တာ ဘယ်သူတွေလဲ ပြည်သူတွေက သိပြီးသားပါ။ သေချာတာကတော့ ဘတ်စ်ကားမှတ်တိုင်ပေါက်ကွဲမှုကို အကြမ်းဖက်စစ်တပ်နဲ့ သူတို့ရဲ့ လက်ကိုင်တုတ်အဖွဲ့တွေက အကွက်ချစီစဉ်ခဲ့တာပါ။”
ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့အပါအဝင် မြန်မာနိုင်ငံတဝန်းက ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေဟာ စစ်ကောင်စီပစ်မှတ်တွေကို ဦးတည်တိုက်ခိုက်လေ့ရှိတာဖြစ်ပြီး တိုက်ခိုက်မှုတွေပြီးတိုင်းလည်း သူတို့လုပ်ဆောင်တာ ဖြစ်တယ်လို့ တာဝန်ယူ ထုတ်ပြန်ကြေညာ လေ့ရှိတာ ဖြစ်ပါတယ်။
စစ်ကောင်စီဘက်ကတော့ ပြည်သူတွေအပေါ် ပစ်ခတ်သတ်ဖြတ်မှုတွေ၊ ရွာမီးရှို့မှုတွေနဲ့ ဗုံးခွဲမှုတွေ ကျူးလွန်ခဲ့တာနဲ့ ပတ်သက်ပြီး တာဝန်ယူ တာဝန်ခံခဲ့တာ မရှိပါဘူး။
ယခင် နဝတ၊ နအဖ စစ်အစိုးရ ခေတ်တွေတုန်းကလည်း ရှော့ပင်းစင်တာတွေနဲ့ လူစည်ကားရာ နေရာတွေမှာ အင်အားပြင်းတဲ့ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားပြီး ပြည်သူတွေသေဆုံးခဲ့ဖူးတာရှိပေမဲ့ ဗုံးခွဲတဲ့သူတွေက တာဝန်ယူ တာဝန်ခံတာ ၊ ဗုံးခွဲတဲ့ တရားခံတွေ ဖမ်းဆီးရမိ အရေးယူခံရတာတွေလည်း မရှိခဲ့ပါဘူး။
ရန်ကုန်တိုင်းအတွင်း ဒီဇင်ဘာ ၇ ရက် မနေ့က တိုက်ခိုက်မှုတွေကြောင့် အနည်းဆုံး စစ်ကောင်စီတပ်သား ၈ ယောက်လောက် သေဆုံးပြီး ဒဏ်ရာရတာတွေလည်း ရှိတယ်လို့ ရန်ကုန်တိုင်း စစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
ပျံလွှားအောင်စစ်ဆင်ရေးရဲ့ အစိတ်အပိုင်းတခုအဖြစ် မနေ့က စစ်ဆင်ရေး လှုပ်ရှားတာ ၄ ခုလုပ်ခဲ့ပြီး တိုက်ကြီးမြို့နယ် မင်္ဂလာရပ်ကွက်မှာရှိတဲ့ မိုင်တဲတာဝါတိုင် Control box ၂ လုံးကို မနေ့ည ၉ နာရီခွဲလောက်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေက ဖောက်ခွဲဖျက်ဆီးပြီး ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ဆက်ပြီး မိုင်းခွဲတိုက်ခိုက်တာမှာတော့ စစ်ကောင်စီတပ်သား ၃ ယောက်လောက် သေဆုံး၊ တချို့ ဒဏ်ရာရတယ်လို့ ဆိုပါတယ်။
တိုက်ကြီးမြို့နယ် မိုးကုလားရွာနားမှာ စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးတွေ ပူးပေါင်းလှည့်ကင်းယာဉ်တန်းကို မနေ့ည ၇ နာရီခွဲလောက်မှာ ရှေ့ထွက်မိုင်း ခွဲမိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်လို့ စစ်သား ၁၀ ယောက်လောက် ဒဏ်ရာရ၊ တချို့ သေဆုံးတယ်လို့ ထုတ်ပြန်ပါတယ်။
ပြီးတော့ လှိုင်သာယာမြို့နယ်၊ အောင်ဇေယျကြိုးတံတားမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေရဲ့ ဘန်ကာကို မနေ့ မနက် ၇ နာရီလောက်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက အဝေးထိန်းမိုင်း ၂ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် လှိုင်သာယာမြို့နယ်တခုလုံးက CCTV ကင်မရာတွေရဲ့ မှတ်တမ်းတွေကို အကြမ်းဖက် စစ်ကောင်စီတိုင်းရုံးနဲ့ လှိုင်သာယာ ၅ ထိပ် ရဲစခန်းတို့ဆီ ဆက်သွယ်ထားတဲ့ ဘုရင့်နောင် တံတားအောက်က CCTV Control Box ကို ဒီမနက် ၅ နာရီခွဲလောက်က ပြင်းအားကောင်း အဝေးထိန်း မိုင်း ၃ လုံးနဲ့ ဖောက်ခွဲ ဖျက်ဆီးခဲ့တယ်လို့လည်း ဆိုပါတယ်။
Special Humanitarian Encounter Defence(SHED) နဲ့ RGA Alliance တို့ ပူးပေါင်းအဖွဲ့ကလည်း ဒဂုံမြို့သစ်အရှေ့ပိုင်းမှာ မနေ့ည ၇ နာရီလောက်က တကြိမ်မိုင်းခွဲတိုက်ခိုက်ပြီး ၈ နာရီလောက်က ၂ ကြိမ် မိုင်းခွဲတိုက်ခိုက်လို့ စစ်ကောင်စီတပ်သား ၅ ယောက်လောက် သေဆုံးခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် သာကေတမြို့နယ် သုမနလမ်းပေါ်က အကြမ်းဖက်စစ်ကောင်စီတပ်တွေ တပ်စွဲထားတဲ့ ဌာနဆိုင်ရာ အဆောက်အအုံတခုကို ဒီမနက်အစောပိုင်း ၂ နာရီလောက်က သာကေတမြို့ပြ ပြောက်ကျားအဖွဲ့က ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့လည်း ဆိုပါတယ်။