ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်ရှိ ရန်ကုန်ပညာရေးတက္ကသိုလ်မှာ ဖေဖော်ဝါရီ ၂၇ ရက်က YUOE သင်္ကြန်ပွဲတော်ကျင်းပရာမှာ ပညာရေးတက္ကသိုလ်ကျောင်းသားတွေရော ရန်ကုန်တက္ကသိုလ်က ကျောင်းသားတွေပါ လာရောက်ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။
မိမိတို့တက္ကသိုလ်အနေနဲ့ တက်ရောက်နေတဲ့ စီနီယာ ဂျူနီယာ ကျောင်းသူကျောင်းသားအချင်းချင်း ချစ်ခင်ရင်းနှီးမှုရစေဖို့၊ တက္ကသိုလ်ရဲ့ အငွေ့အသက်ကို ပြန်လည် အသက်သွင်းလိုတဲ့အတွက် ကျောင်းသင်္ကြန်ကျင်းပကာ တရက်တာ ပျော်ရွှင်ခဲ့တာပါလို့ YUOE students' Association က ထုတ်ပြန်ထားပါတယ်။
နိုင်ငံတဝန်း ပြည်နယ်နဲ့တိုင်းတချို့မှာ ကျေးရွာတွေနဲ့ စာသင်ကျောင်းတွေ မီးရှို့ဖျက်ဆီးခံရ၊ ကျောင်းသားတွေနဲ့ ဆရာတွေ ဖမ်းဆီးသတ်ဖြတ်ခံနေရတာ၊ စစ်ကျွန်ပညာရေးကို သပိတ်မှောက် CDM ဝင်နေချိန်မှာ အခုလို ကျောင်းသင်္ကြန်ကျင်းပတဲ့အပေါ် ရန်ကုန်ပညာရေးတက္ကသိုလ် CDM ကျောင်းသားတယောက်က ရှုတ်ချကန့်ကွက်ပြောကြားပါတယ်။
“အခုအချိန်ထိ တနိုင်ငံလုံးရှိ ပညာရေးဝန်ထမ်းတွေနဲ့ ကျောင်းသားကျောင်းသူတွေက CDM လှုပ်ရှားမှုမှာပါဝင်ပြီး တော်လှန်ရေးကို တတ်နိုင်သလောက် လုပ်နေကြတယ်။ ပြီးတော့ CDM ဆရာဆရာမတွေဆို ဖမ်းဆီးခံရတာမျိုး၊ ခြိမ်းခြောက်ခံရတာတွေရှိနေပေမဲ့ ကြံ့ကြံ့ခံတော်လှန် နေကြတာ သူတို့ကတော့ ကိုယ်ချင်းစာတရားမရှိဘဲ မျက်နှာပြောင်တိုက်လွန်းတယ်"လို့ ဆိုပါတယ်။
ယခုလက်ရှိအချိန်ထိ ရန်ကုန်ပညာရေးတက္ကသိုလ်က ကျောင်းသား ၃ ယောက်ဟာ စစ်ကောင်စီရဲ့ ဖမ်းဆီးထိန်းသိမ်းခံနေရပါတယ်။
စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် ကြည့်မြင်တိုင်မြို့နယ် ရန်ကုန်တိုင်းပညာရေးမှူးရုံးရှေ့မှာ လက်မောင်း ရာဘာကျည်ဒဏ်ရာရပြီး နှလုံးအမောဖောက်သေဆုံးခဲ့တဲ့ ဆရာမကြီး ဒေါ်တင်နွဲ့ရီ ကျဆုံးတာဟာ ၂၀၂၃ ခု ဖေဖော်ဝါရီ ၂၈ ရက်နေ့က ၂ နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။
ရန်ကုန်ပညာရေးတက္ကသိုလ် နောက်ဆုံးနှစ် ကျောင်းသူ မနန်းတွယ်တာဦး နဲ့ စီးပွားရေးတက္ကသိုလ် ကျောင်းသူဟောင်းတဦးဖြစ်တဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူ မယုယုမွန် တို့ကို စစ်ကောင်စီက ဒီဇင်ဘာ ၂၉ ရက်နေ့က ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်လိုက်ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့က မော်လမြိုင်မြို့ကို ခရီးသွားတဲ့အချိန် လမ်းခရီးမှာပဲ စစ်ကောင်စီတပ်က ဖမ်းဆီးညှဉ်းပန်းနှိပ်စက်မှုတွေ ပြုလုပ်ခဲ့ပြီးတဲ့နောက် ၆ လအကြာမှာတော့ မော်လမြိုင် ခရိုင်တရားရုံး (၂) ကနေ အကြမ်းဖက်ပုဒ်မ (၅၀) ညနဲ့ တရားစွဲဆိုကာ အမိန့်ချမှတ်ခဲ့တာလို့ နီးစပ်သူတွေက ပြောပါတယ်။
မနန်းတွယ်တာဦးဟာ ဗကသများအ့ဖွဲချုပ်ဝင်၊ ရန်ကုန်ပညာရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂရဲ့ တွဲဖက်အတွင်းရေးမှူး တာဝန်ထမ်းဆောင်ခဲ့သူတဦး ဖြစ်သလို မယုယုမွန်ဟာလည်း စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ တက်ကြွပါဝင်ဆောင်ရွက်ခဲ့သူလည်း ဖြစ်ပါတယ်။
လက်ရှိအချိန်ထိ မြန်မာတနိုင်ငံလုံးမှာ မတရားဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ချုပ်က ကျောင်းသားရဲဘော်ပေါင်း ၃၀ လောက် ရှိနေပြီလို့ ဗကသများအဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။