close

ရန်ကုန်မြစ်

close

January 8, 2023

ရန်ကုန်မြစ်အတွင်း အမည်မသိ အလောင်း ၂ လောင်း တွေ့ရှိ

လသာမြို့နယ်  စဥ့်အိုးတန်းဆိပ်ကမ်းအနီး ရန်ကုန်မြစ်အတွင်း ဒီနေ့ မနက်ပိုင်းက အမည်မသိ  သေဆုံးနေတဲ့ ရုပ်အလောင်း ၂ လောင်း တွေ့ရှိခဲ့တယ်လို့ ဆိပ်ကမ်းနေထိုင်သူတွေဆီက သိရပါတယ်။

စဥ့်အိုးတန်းဆိပ်ကမ်းအနီးရှိ ရန်ကုန်မြစ်အတွင်းမှာ ဒီနေ့မနက် ဆယ်နာရီက အမျိုးသားတဦးရဲ့အလောင်း တွေ့ရှိခဲ့ပြီးနောက် နာရီဝက်အကြာမှာ အမျိုးသမီးတဦးရဲ့အလောင်း ထပ်မံတွေ့ရှိခဲ့တာလို့ ဆိပ်ကမ်းနေသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

"အမျိုးသားအလောင်းကို အရင်တွေ့တာ အသက်က လေးဆယ်လောက်ရှိတယ်။ နောက်နာရီဝက်မှာ အမျိုးသမီးအလောင်းတွေ့တယ်၊ ပုပ်ပွနေပြီ ရုပ်ကမမှတ်မိတော့ဘူး၊ ပရဟိတအဖွဲ့က လူနာတင်ယာဥ်နဲ့ လာသယ်သွားတယ်။၊" 

ရန်ကုန်မြစ်အတွင်းမှာ  ကနဦးတွေ့ရှိခဲ့တဲ့ သေဆုံးနေတဲ့အမျိုးသားမှာ ရန်ကုန်မြစ်အတွင်း မကြာခဏ ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ လာရောက်ခဲ့သူဖြစ်ပြီး အမျိုးသမီးမှာလည်း ရေထဲခုန်ချသတ်သေတာမျိုး ဖြစ်နိုင်တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက ဒီဗွီဘီ ကို ပြောပါတယ်။

"စုံစမ်းကြည့်တော့ ပထမတွေ့တဲ့ အမျိုးသားအလောင်းက ရေထဲခုန်ချပြီးသတ်သေဖို့လုပ်တာ လေးကြိမ်လောက်ရှိတယ်၊ နောက်တချိန်ခုန်ချတာကို မသိဘူး၊ အခုအလောင်းတွေ့မှ ဆိပ်ကမ်းက လူတွေကသိတာ၊ အမျိုးသမီးကိုတော့မသိဘူး။"

ရန်ကုန်မြစ်အတွင်းမှ တွေ့ရှိခဲ့တဲ့ အမျိုးသားနဲ့အမျိုးသမီးအလောင်းကို လင်းလက်ပရဟိတအဖွဲ့က ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်ကလည်း လမ်းမတော်မြို့နယ် စဉ့်အိုးတန်းဆိပ်ကမ်း အမှတ် ၂ ဘောတံတားအနီး ရန်ကုန်မြစ်အတွင်းမှာ သေဆုံးနေတဲ့ အသက်လေးဆယ်အရွယ် အမျိုးသားတဦးရဲ့အလောင်းကို တွေ့ရှိခဲ့ပါသေးတယ်။

13 hours Ago

November 10, 2022

ရန်ကုန်မြစ်အတွင်း ဆီတင်သင်္ဘော ၁ စီး မီးလောင်၊ ကလေးငယ် ၁ ဦး အပါအဝင် ၄ ဦး ဒဏ်ရာရ

ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ် လင်းစဒေါင်းတံတားအနီး ရန်ကုန်မြစ်အတွင်းမှာ ဆီတင်သင်္ဘောတစီး နိုဝင်ဘာ ၁၀ ရက် ဒီနေ့ နေ့လယ်ပိုင်းက မီးလောင်ခဲ့ရာ အသက် ၁၀ နှစ်အရွယ် ကလေးတဦး အပါအဝင် လေးဦးဒဏ်ရာရရှိခဲ့တယ်လို့ ဆိပ်ကမ်းအနီး နေထိုင်သူတွေက ပြောပါတယ်။

ရန်ကုန်မြစ်အတွင်း ဒီနေ့ နေ့လယ် ၂ နာရီခွဲက သင်္ဘောတစီး မီးလောင်မှုဖြစ်ပွားခဲ့ရာ တာမွေမြို့နယ်၊ ပုဇွန်တောင်မြို့နယ်တို့က မီးသတ်ရေယာဥ် ခြောက်စီးနဲ့ တနာရီကျော်ကြာကြာအောင် မီးငြှိမ်းသတ်ခဲ့ရပြီး လေးဦးဒဏ်ရာရရှိခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“၂ နာရီ ၂၆ မိနစ်မှာ မီးလောင်တယ်၊ ၃ နာရီ ၅၃ မိနစ်မှာ မီးငြိမ်းသွားတယ်။ မီးလောင်မှုဖြစ်စဥ်နဲ့ ဆုံးရှုံးမှုတန်ဖိုးကို စစ်ဆေးတွက်ချက်နေတုန်းပါ။”

မီးလောင်တဲ့သင်္ဘောမှာ ဆီတင်လာတာဖြစ်ပြီး ပေါက်ကွဲအားပြင်းထန်ကာ ပေါက်ကွဲသံကို ဒလမြို့ကနေ ကြားရတယ်လို့ မြို့ခံတဦးက ဒီဗွီဘီကို ပြောပါတယ်။

“ဆီတင်သင်္ဘောလို့ပြောတယ်၊ ပေါက်တဲ့အသံက ကျနော်တို့နေတဲ့ နေရာအထိပါ ကြားရတယ်။ အကျယ်ကြီးပဲ။ ထိခိုက်ဒဏ်ရာရတဲ့သူတွေလည်း ရှိတယ်။”

သင်္ဘောမီးလောင်မှုဖြစ်စဥ်မှာ အသက် ၁၀ နှစ်ကျော်အရွယ် ကလေးတဦးနဲ့ အမျိုးသားသုံးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိပ်ကမ်းမှာ နေထိုင်သူတဦးက ပြောပါတယ်။

“ဒဏ်ရာရတဲ့အထဲမှာ ကလေးက စိုးရိမ်ရတယ်။ လေးယောက်စလုံးကို ရန်ကုန်ဆေးရုံကြီးကို ပရဟိတသမားတွေက လိုက်ပို့ပေးကြတယ်။”

အဆိုပါမီးလောင်တဲ့သင်္ဘောမှာ စစ်ကောင်စီတပ်အတွက် ဆီတင်လာတာလို့ သတင်းအရင်းအမြစ်တွေရဲ့ ပြောဆိုချက်အရ သိရပြီး ဒီဗွီဘီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

2 months Ago
Up