ရန်ကုန်မြို့လယ်၊ ကျောက်တံတားမြို့နယ်၊ ၉ ရပ်ကွက်၊ လမ်း ၄၀ အလယ်ဘလောက်ရှိ Kaung Lay ဖုန်းဆိုင်ကို ဧပြီ ၃ ရက် မနေ့ မနက် ၁၁ နာရီကျော်လောက်မှာ အမျိုးသားသုံးယောက်က ဓား၊ သေနတ်တွေကိုင်ဆောင် ဝင်ရောက်လုယက်ခဲ့လို့ ကျပ် သိန်း ၂၀၀ ဖိုးလောက် ပါသွားတယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတွေဆီက သိရပါတယ်။
လမ်း ၄၀ အလယ်ဘလောက် ပထမထပ်မှာဖွင့်ထားတဲ့ Kaung Lay ဖုန်းဆိုင်ကို မနေ့မနက် ၁၁ နာရီကျော်က အမည်မသိအမျိုးသားသုံးယောက်ရောက်လာပြီး ဆိုင်ရှင်ဖြစ်သူနဲ့ အမျိုးသမီးတယောက်ကို သေနတ်နဲ့ချိန်ကာ ဓားနဲ့ထောက်ပြီး ပါးစပ်ကိုတိတ်နဲ့ပိတ်ကာ လက်ပြန်ကြိုးတုပ်လို့ အိုင်ဖုန်း ၁၄ လုံးနဲ့ ငွေကျပ် သိန်း ၅၀ ယူသွားတာဖြစ်တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတစ်ဦးက ဒီဗွီဘီ ကိုပြောပါတယ်။
"ဆိုင်ပိုင်ရှင်နဲ့အမျိုးသမီးတစ်ဦးကို ကြိုးတုပ်ပြီး ဆိုင်က ငွေသိန်းငါးဆယ်နဲ့အိုင်ဖုန်း ၁၄ လုံးယူသွားတာ အားလုံးပေါင်းရင် သိန်းနှစ်ရာနီးပါးရှိတယ်။ လုသွားတဲ့သူကိုတော့ မမိဘူး။”
လမ်း ၄၀ နဲ့အနီးမှာ စစ်ကောင်စီတပ်နဲ့ ရဲတွေ အမြဲရှိပြီး အခုလိုလုယက်ခံရတာဟာ မြို့လယ်ခေါင်တွေနေသူအနေနဲ့ လုံခြုံမှု မရှိတော့သလို ခံစားရတယ်လို့ လမ်း ၄၀ မှာနေသူတစ်ဦးက ပြောပါတယ်။
လုယက်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်နဲ့ ရဲတွေရောက်လာပြီး Kaung Lay ဖုန်းဆိုင်ကို စစ်ဆေးခဲ့ပေမဲ့ ကျူးလွန်သူကို ဖမ်းဆီးရမိခြင်းမရှိဘူးလို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။
လက်တလောမှာ ဆိုင်ရှင်က ကျောက်တံတားမြို့မရဲစခန်းမှာ ပြစ်မှုကျူးလွန်သူတွေကို အမှုဖွင့် ထားပါတယ်။
လမ်း ၄၀ မှာနေသူတစ်ဦးက "၃၆ နဲ့ အနီးတဝိုက်မှာ စစ်သားနဲ့ရဲ အမြဲရှိတယ် တရားရုံးမှာလည်း စစ်သားတွေ ရဲတွေရှိတယ်။ ဒီလိုနေရာနှစ်ကြားမှာပေါ်တင်ဝင်လုပြီး အေးဆေးထွက်ပြေးသွားတာက မြို့ထဲနေသူတွေအဖို့ ဆိုင်လုံခြုံရေးထပ်ခေါ်ဖို့ သတိပေးလိုက်တာပဲ"လို့ ပြောပါတယ်။
ရန်ကုန်က မြို့နယ်တချို့မှာ စစ်တပ်က အာဏာသိမ်းပြီး နောက် ခိုး၊ ဆိုး၊ လုယက်မှုတွေ နေ့စဥ်နဲ့အမျှဖြစ်နေပြီး သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိပါတယ်။
ရန်ကုန်၊ လသာမြို့နယ်၊ အမှတ် ၆ ရပ်ကွက်၊ အနော်ရထာလမ်းနဲ့ ၂၂ လမ်းထိပ်မှာ နိုဝင်ဘာ ၁၉ ရက် ဒီကနေ့ မနက်ပိုင်းက YBS 21 ခရီးသည်တင်ယာဥ် တစ်စီး မီးလောင်ကျွမ်းခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
အနောက်ပိုင်းတက္ကသိုလ်နဲ့ မော်တင်ပြေးဆွဲနေတဲ့ YBS 21 ခရီးသည်တင်ယာဥ်တစ်စီး အနော်ရထာလမ်းမှာ ဒီကနေ့မနက် ၁၀ နာရီဝန်းကျင်မှာ မီးလောင်ခဲ့တယ်လို့ ရပ်ကွက် နေသူတစ်ဦးက ဒီဗွီဘီ ကိုပြောပါတယ်။
"ဘာကြောင့်လောင်လဲမသိဘူး။ ကားတစ်စီးလုံးပါသွားတယ်။ ခရီးသည်တွေလည်း ဆင်းပြေးကြတယ်။ ဒဏ်ရာရတဲ့သူတော့မရှိဘူး"လို့ ပြောပါတယ်။
YBS 21 ခရီးသည်တင်ယာဥ်မီးလောင်မှုကို ကျောက်တံတားမြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဥ်တွေနဲ့ မီးငြှိမ်းသတ်ခဲ့ရတယ်လို့ မီးသတ်ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။
"မီးလောင်မှုကို စုံစမ်းတုန်း။ လူတွေတော့ ထိခိုက်မှု မရှိဘူး။ ကားကတော့ အကုန်လုံးလောင်သွားပါတယ်။ စစ်ဆေးနေတုန်းပဲ။”
စစ်တပ် အာဏာသိမ်းပြီးနောက် YBS 21 ခရီးတင်ယာဥ်လိုင်းမှာ ခရီးသည်တင်ယာဥ်တချို့ မီးလောင်တာ ဗုံးပေါက်တာတွေ မကြာခဏဖြစ်ခဲ့ပါတယ်။
ရန်ကုန်မြို့လယ် ကျောက်တံတားမြို့နယ်၊ ၃၈ လမ်းမှာ နိုဝင်ဘာ ၁၈ ရက် ညပိုင်းက ဓားထိုးမှုပြီး အမျိုးသား တယောက် သေဆုံးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
မနေ့ည ၆ နာရီခွဲလောက်က ၃၈ အလယ်ဘလောက်မှာ ဒုစရိုက်သမား တဦးက ဓားနဲ့ထိုးပြီး ဖုန်းနဲ့ ပိုက်ဆံအိတ်ကို လုခဲ့တာကြောင့် အမျိုးသား တယောက် ဒဏ်ရာရခဲ့ပြီး ဆေးရုံအရောက်မှာ သေဆုံးသွားတယ်လို့ ၃၈ လမ်းမှာ နေထိုင်သူ တဦးက ပြောပါတယ်။
"ဓားနဲ့ထိုးပြီး ဖုန်းနဲ့ပိုက်ဆံလုတာ။ သေသွားတယ်။ လူတွေ ဝိုင်းလာလို့ ဖုန်းနဲ့ပိုက်ဆံ ပါမသွားပေမဲ့ လူကတော့ သေသွားတယ်။"
ဓားနဲ့ထိုးခံရသူ အမျိုးသားကို မီးသတ်တပ်ဖွဲ့နဲ့ပရဟိတအဖွဲ့တွေက လူနာတင်ကားနဲ့ ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ခဲ့ရာ ဆေးရုံအရောက်မှာ သေဆုံးသွားတယ်လို့ ရပ်ကွက် အုပ်ချုပ်ရေး နဲ့ နီးစပ်သူ တဦးက ပြောပါတယ်။
"ဆေးရုံကို ပို့သေးတယ်။ ဆေးရုံရောက်မှ သေတာ။ တရားခံကို ဖမ်းမိတယ်လို့ ကြားတယ်။ ဟုတ်၊ မဟုတ်တော့ မသိဘူး။"
ပစ္စည်းလု လူသတ်မှုနဲ့ ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူကို ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပေမဲ့ သီးခြားအတည် မပြုနိုင်သေးပါဘူး။
စစ်တပ်အာဏာသိမ်းပြီးနောက် ရန်ကုန်မြို့မှာ ခိုးဆိုး၊ ခါးပိုက်နှိုက်၊ လုယက်မှုနဲ့ ဓားပြမှုတွေ များလာပြီး သေဆုံး၊ ဒဏ်ရာရတာတွေ ရှိလာတာကြောင့် မိမိကိုယ်ကိုယ် ခုခံကာကွယ်ဖို့ အမျိုးသမီး တချို့ ဓား ကိုင်နေကြရပါတယ်။