close

ရန်ကုန်မြို့

close

February 21, 2023

ရန်ကုန်မြို့တွင် တရက်တည်း ကားမီးလောင်မှု ၂ ကြိမ်ဖြစ်

ရန်ကုန်တိုင်း၊ ဒဂုံနဲ့ မရမ်းကုန်းမြို့နယ်တို့မှာ ဖေဖော်ဝါရီ ၂၀ ရက် မနက်နဲ့ ညပိုင်းမှာ ကားနှစ်စီး မီးလောင်ခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

မရမ်းကုန်းမြို့နယ် သမိုင်းလမ်းဆုံမှာ မနေ့ည ၈ နာရီခွဲက ကားတစီးမီးလောင်ပြီး မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ရွှေရောင်သမိုင်း အရေးပေါ်ကယ်ဆယ်ရေးနဲ့ လူမှုအထောက်အကူပြု ဖွံ့ဖြိုးရေးအသင်းက ကူညီပြီး မီးငြှိမ်းသတ်ပေးခဲ့တယ်လို့ ဘုရင့်နောင် ၂ ရပ်ကွက်နေသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“အပူချိန်တက်ပြီး ဂက်စ်အိုးပေါက်ပြီး မီးလောင်တာလို့ ပြောတယ်။ လမ်းသွားလမ်းလာတွေလည်း ဝင်ပြီး မီးသတ်ပေးကြတယ်။ ယာဥ်မောင်းက ဆင်းပြေးလို့ ဘာမှမဖြစ်ဘူး၊ ကားပဲမီးလောင်တာ။”

အလားတူ ဒဂုံမြို့နယ် ယောမင်းကြီးရပ်ကွက် ယောမင်းကြီးလမ်းမှာလည်း မနေ့မနက် ၉ နာရီလောက်က အငှားယာဥ်တစီး မီးလောင်မှုဖြစ်ခဲ့ပြီး ကျောက်တံတားမြို့နယ် မီးသတ်တပ်ဖွဲ့ဝင်တွေက မီးငြှိမ်းသတ်ခဲ့လို့ ထိခိုက်ဒဏ်ရာရသူမရှိဘဲ မီးငြိမ်းသွားတယ်လို့ မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။

ဖေဖော်ဝါရီ ၁၆ ရက် မနက်အစောပိုင်းကလည်း ဒဂုံမြို့သစ်စက်မှုဇုန် ကနောင်မင်းသားကြီးလမ်းမှာ ကားတစီး မီးလောင်ခဲ့တဲ့ဖြစ်စဥ်လည်း ရှိပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလကလည်း ကမာရွတ်၊ တောင်ဒဂုံနဲ့ မင်္ဂလာဒုံမြို့နယ်တွေမှာ ကားမီးလောင်မှု ဖြစ်ခဲ့ပေမဲ့ ထိခိုက်ဒဏ်ရာရသူတော့ မရှိပါဘူး။

3 mins Ago

January 17, 2023

ရန်ကုန်မြို့လယ်တွင် ဂျပန်နိုင်ငံသား ၂ ဦးကို လူတစုက ဓားဖြင့်ထိုးပြီးလုယက်

ရန်ကုန်မြို့လယ်၊ ဆူးလေဘုရားလမ်းထောင့်မှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဂျပန်နိုင်ငံသား နှစ်ယောက် အုပ်စုဖွဲ့ လုယက်ခံရပြီး တယောက်က ဓားနဲ့အထိုးခံရလို့ ဆေးရုံတင်ထားရတယ်လို့ ရဲတပ်ဖွဲ့နဲ့ အုပ်ချုပ်ရေးထံက သိရပါတယ်။

ကျောက်တံတားမြို့နယ် (၁) ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းနဲ့ ဆူးလေဘုရားလမ်းထောင့်မှာ ဇန်နဝါရီ ၁၄ ရက် ည ၉ နာရီက လမ်းလျှောက်လာတဲ့  ဂျပန်နိုင်ငံသားနှစ်ယောက်ကို အမည်မသိအမျိုးသား ၅ ယောက်က  အုပ်စုဖွဲ့ လုယက်ခဲ့တာ ဖြစ်ပါတယ်။

ဂျပန်နိုင်ငံသား အမျိုးသားနှစ်ယောက် လုယက်ခံရတဲ့ဖြစ်စဥ် မှန်ကန်ပြီး တယောက် ဓားနဲ့ထိုးခံရကာ ရန်ကုန်ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေတယ်လို့ ရဲတပ်ဖွဲ့ တာဝန်ရှိတစ်ဦးက ပြောပါတယ်။

“ရှန်ဂရီလာဟိုတယ်နားက ခုံးကျော်တံတားနားမှာ ဖြစ်သွားတာ ဖုန်းတလုံးနဲ့ ငွေအနည်းငယ် ပါသွားတယ်။ တဦးက ဓားနဲ့ထိုးခံရတယ်။ တဦးက အရိုက်ခံရတယ်။”

လုယက်ခံရတဲ့ ဂျပန်နိုင်ငံသားနှစ်ယောက်ဟာ ပြည်တွင်းဏုမ္ပဏီတခုမှာ အလုပ်လုပ်ကိုင်နေသူတွေ ဖြစ်ပြီး  အလုပ်ကိစ္စနဲ့ ပြန်လာချိန်မှာ လုယက်ခံရတာလို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်တိုင်း မြို့နယ်တချို့မှာ လုယက်မှု ရာနဲ့ချီဖြစ်ခဲ့ပြီး လုယက်သူတွေကြောင့် သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရရှိသူတွေလည်း ရှိပါတယ်။

1 month Ago
Up