close

ရန်ကုန်သပိတ် လူငယ်များ

close

March 17, 2022

ရန်ကုန်သပိတ်လူငယ်များ ထပ်မံ အကြမ်းဖက်ဖမ်းဆီးခံရ

စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်သပိတ်က လူငယ် ၄ ဦးထက်မနည်း မတ်လ ၁၆ ရက်နေ့မှာ ထပ်မံ အကြမ်းဖက်ဖမ်းဆီးခံခဲ့ရပါတယ်။ 

ဖမ်းဆီးခံရသူတွေဟာ ဘန်နာစာတမ်းချိတ်မယ့်အဖွဲ့က လူငယ်အများစုဖြစ်ကာ အသက်မပြည့်သေးတဲ့ အသက် ၁၄ နှစ်နဲ့ ၁၆ နှစ် အမျိုးသမီး ၃ ဦး ပါဝင်ပါတယ်။

သပိတ်အတွင်းပါဝင်သူတဦးက “၁၆ နှစ်ကောင်မလေးနှစ်ဦး တဦးက သွားတွေရိုက်ချိုးခံရတယ်။ တဦးက မေ့လဲသွားတဲ့အထိ နံကြားတွေကို ကန်ခံရတယ်။ မိသားစုနဲ့ အဆက်အသွယ်ရတဲ့သူတွေတော့ ရနေပါပြီ။ ကျန်တဲ့ကလေးတွေကို မဖော်ရင် မိဘတွေပါ အန္တရာယ်ပေးမယ့်ပုံရှိတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ရန်ကုန်သပိတ်အတွင်း ပါဝင်လှုပ်ရှားကြတဲ့ လူငယ်တွေအချို့ဟာ မတ်လ ၁၃ ရက်နေ့ မင်္ဂလာတောင်ညွန့် ညမီးတုတ်သပိတ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က အရပ်ဝတ်တွေနဲ့ ဝင်ရောက်ရိုက်နှက်ဖြိုခွင်းတာကြောင့် လူငယ် ၃ ဦးဖမ်းဆီးခံရပြီး ၆ ဦး ဒဏ်အပြင်းအထန်ရခဲ့ပါတယ်။

လက်ရှိအခြေနေရ ရန်ကုန်အတွင်းရှိ သပိတ်တွေကို ယာယီရပ်နားထားမှာဖြစ်ပြီး အခြေအနေ ပြန်လည်တည်ငြိမ်တဲ့အချိန်မှ သပိတ်တွေ ပြန်လည်ဖော်ဆောင်သွားမယ်လို့ သပိတ်ဦးဆောင်သူတွေဆီက  သိရပါတယ်။

“ပြည်သူတွေမပါတဲ့ တော်လှန်ရေးက မအောင်မြင်နိုင်ဘူး။ ကျနော်တို့ လုံးပါးပါးပြီး အကုန်ကျသွားရင်တောင် နေစိမ့်နိုင်တဲ့သူတွေကြောင့် ကျနော်တို့ပေးခဲ့ရတဲ့ဘဝတွေ တန်ဖိုးမဲ့ပြီး ရေစုန်မျောသွားမှာပဲ။ ဒါပေမဲ့ ကျနော်တို့ ရန်ကုန်ကတော့ တယောက်ပဲကျန်တဲ့အထိ အောင်ပွဲရအောင် ကြိုးစားသွားမှာပါ” လို့ သပိတ်မှာ ပါဝင်သူတဦးက ပြောပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်တွေက ဖမ်ဆီးထားတဲ့ လူငယ်တွေကတဆင့် သပိတ်အတွင်း ပါဝင်တယ်လို့ သံသယရှိတဲ့သူတွေကို လိုက်လံထောက်လှမ်းတာတွေ ပြုလုပ်နေပြီး စစ်ကြောရေးမှာ အကြမ်းဖက်နှိပ်စက်ကာ စစ်ကြောနေတာတွေရှိနေပါတယ်။ 

ဒါ့အပြင် သပိတ်အတွင်း ပါဝင်တယ်လို့ သံသယရှိနေတဲ့ လူငယ်တွေကိုလည်း မိသားစုတွေအား အကြပ်ကိုင်ပြီး လာရောက်အဖမ်းခံဖို့ ဖိအားပေးနေတာတွေ ရှိနေတယ်လို့ သိရပါတယ်။

2 mins Ago
Up