ရန်ကုန်မြို့မှာရှိတဲ့ သုသာန် ၄ ခုမှာ ဇူလိုင် ၃၁ ရက် ဒီကနေ့ မီးသင်္ဂြိုဟ်ရတဲ့ ရုပ်အလောင်းအရေအတွက် သိသိသာသာကျဆင်းသွားပြီး ၃၀၀ ဝန်းကျင်ရှိတယ်လို့ နာရေးကူညီပေးနေတဲ့ ပရဟိတအဖွဲ့တွေက ပြောပါတယ်။
ဒီနေ့ ရေဝေးမှာရုပ်အလောင်း ၁၀၀ ပတ်ဝန်းကျင်၊ ထိန်ပင်မှာ ၁၀၀ ပတ်ဝန်းကျင်၊ ကျီစုမှာ ၂၀ ကျော်နဲ့ ကျူချောင်းမှာ ၈၀ နီးပါး မီးသင်္ဂြိုဟ်ခဲ့ရတယ်လို့ သိရပါတယ်။
ကျီစုသုသာန်မှာ မီးသင်္ဂြိုဟ်ရတဲ့ရုပ်အလောင်းအရေအတွက်ဟာ ကိုဗစ်တတိယလှိုင်း မတိုင်ခင်ကာလကလို ပုံမှန်ပြန်ဖြစ်လာပေမယ့် နောက်ရက်တွေကိုတော့ စောင့်ကြည့်ရဦးမယ်လို့ အဆိုပါသုသာန်မှာ နာရေးကူညီပေးနေတဲ့ ပရဟိတသမားတစ်ယောက်က ပြောပါတယ်။
ကျူချောင်းသုသာန်မှာတော့ ပုံမှန်အတိုင်းပြန်မဖြစ်သေးပေမယ့် မီးသင်္ဂြိုဟ်ရတဲ့ ရုပ်အလောင်းအရေအတွက် သိသိသာသာကျသွားတယ်လို့လည်း ပရဟိတသမားတစ်ဦးက ပြောပါတယ်။
ရန်ကုန်မြို့မှာ ဇူလိုင် ၁၀ ရက်နေ့ကစပြီး ကိုဗစ်ကူးစက်ခံရသူများပြားခဲ့သလို အောက်ဆီဂျင်မရလို့သေဆုံးသူလည်း များပြားခဲ့ပါတယ်။
ဇူလိုင် ၂၀ ရက် ဝန်းကျင်မှာ အခြေအနေအဆိုးဆုံးဖြစ်ခဲ့ပြီး နေ့စဉ် ၁ ရက်ကို ရုပ်အလောင်း ၁၂၀၀ ကျော် ၁၃၀၀ လောက် ရန်ကုန်သုသာန် ၄ ခုမှာ မီးသင်္ဂြိုဟ်ခဲ့ရပါတယ်။ ဇူလိုင်လကုန်ပိုင်းမှာတော့ တော့ မီးသင်္ဂြိုဟ်ရတဲ့ရုပ်အလောင်းအရေအတွက် ပြန်လည်ကျဆင်းခဲ့ပါတယ်။
Photo- MPA
ရန်ကုန်သုသာန် ၄ ခုမှာ ဇူလိုင် ၃၀ ရက်နေ့က မီးသင်္ဂြိုဟ်တဲ့ ရုပ်အလောင်း ၄၃၀ ကျော်ရှိခဲ့ပြီး အရင်နေ့တွေကထက် အရေအတွက် သိသိသာသာကျဆင်းသွားတယ်လို့ နာရေးကူညီပေးနေတဲ့ ပရဟိတ သမားတွေက ပြောပါတယ်။
ဒီနေ့ ရေဝေးမှာရုပ်အလောင်း ၂၀၀ ကျော်၊ ထိန်ပင်မှာ ၁၀၀ ကျော်၊ ကျီစုမှာ ၃၀ ကျော်၊ ကျူချောင်းမှာ ၁၀၀ ကျော် မီးသင်္ဂြိုဟ်ခဲ့ရတာဖြစ်ပါတယ်။
မီးသင်္ဂြိုဟ်တဲ့ ရုပ်အလောင်း ၄၃၀ ကျော်ထဲမှာ ကိုဗစ်-၁၉ လူနာ ဘယ်နှယောက်ပါသလဲဆိုတာတော့ မသိရသေးပါဘူး။ စစ်ကောင်စီကတော့ မြေပြင်ကဆရာဝန်တွေကို သေဆုံးကြောင်းထောက်ခံစာကို တိုက်ရိုက်ရေးခွင့်မ ပေးတော့ဘဲ နေအိမ်မှာ သေဆုံးတဲ့သူတွေကို ဆေးရုံကိုပို့ခိုင်းပြီး စစ်ဆေးတာတွေပြုလုပ်နေပါတယ်။
ဆေးရုံမှာ စစ်ဆေးပြီး ကိုဗစ်ကြောင့်သေဆုံးတာဆိုရင် ရုပ်အလောင်းတွေကို မိသားစုတွေကို ပြန်မပေးတော့ဘဲ ဆေးရုံကအစီအစဉ်နဲ့ဘဲ သင်္ဂြိုဟ်နေတာကြောင့် အရပ်သားသုသာန်မှာ ရုပ်အလောင်းအရေအတွက် နည်းပါးသွားတာဖြစ်ပါတယ်။
နောက်ဆက်တွဲအဖြစ် အခုရက်ပိုင်းအတွင်း ဒေသန္တရကျန်းမာရေးဌာနတွေမှာ မီးသင်္ဂြိုဟ်ခွင့်ထောက်ခံစာ ထုတ်သူတွေလည်း နည်းသွားတာလေ့လာတွေ့ရှိရတယ်လို့ ကိုဗစ်အရေးအကူအညီပေးနေသူတစ်ဦးက ပြောပါတယ်။
အခုရက်ပိုင်း ကျူချောင်းသုသာန်မှာ မီးသင်္ဂြိုဟ်တဲ့ရုပ်အလောင်းအရေအတွက် ၁၀၀ ဝန်းကျင်ပုံမှန်ဖြစ်နေပြီး ကျီစုသုသာန်မှာတော့ အရင်ရက်တွေထက် သိသိသာသာ အရေအတွက်နည်းပါးသွားပါတယ်။
သေဆုံးသူနည်းသွားလို့ မီးသင်္ဂြိုဟ်ရတဲ့ရုပ်အလောင်း အမှန်တကယ်နည်းသွားတာလား ဆိုတာကိုတော့ နောက်ရက်တွေမှာစောင့်ကြည့်ရမယ်လို့ ကျီစုသုသာန်မှာ နာရေးကူညီပေးနေတဲ့ ပရဟိတသမားတွေက ပြောပါတယ်။
ဇူလိုင် ၂၉ရက်နေ့ကတော့ ရန်ကုန်သုသာန် ၄ခုမှာ မီးသင်္ဂြိုဟ်ရတဲ့ရုပ်အလောင်း ၈၀၀ နီးပါးရှိခဲ့ပြီး သုသာန်တွေမှာ မီးသင်္ဂြိုဟ်ရတဲ့ရုပ်အလောင်းအရေအတွက် ကျသွားသလို နာရေးအတွက် အကူအညီတောင်းတဲ့သူလည်း နည်းသွားတယ်လို့ ပရဟိတသမားတွေကပြောပါတယ်။
ဇူလိုင်လဆန်းကစပြီး ကိုဗစ်ကြောင့်သေဆုံးနှုန်းမြင့်တက်ခဲ့ပေမယ့် စစ်ကောင်စီက ကာကွယ်ကုသရေးကို ဦးစားပေး မဆောင်ရွက်ဘဲ သုသာန်တွေမှာ မီးဖိုအသစ်တွေကို ထပ်တိုးဆောက်လုပ်နေလို့ ဝေဖန်ခံနေရပါတယ်။ Photo- MPA