မန္တလေးမြို့၊ အမရပူရမြို့နယ်၊ ဆင်ရွာမြင်းမူကျေးရွာအုပ်စု၊ ရန်ကုန် - မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ် (၃၆၁/၄) အနီးမှာ ဖေဖော်ဝါရီ ၈ ရက် မနက် ၇ နာရီဝန်းကျင်က အမျိုးသားတယောက် သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။
သေဆုံးသူဟာ အမရပူရမြို့နယ်၊ ရေကြည်ပေါက်အုပ်စု၊ ယက္ကန်းတော်ရပ်မှာ နေထိုင်တဲ့ အသက် ၅၀ အရွယ် ဦးဌေးကြည် ဖြစ်ပြီး ဆိုင်ကယ်မောင်းနှင်လာစဉ် သေနတ်နဲ့ ပစ်ခံရတာလို့ သိရပါတယ်။
သေနတ်နဲ့ ပစ်ခံရတဲ့အတွက် နောက်စေ့၊ ငယ်ထိပ်၊ လည်ပင်း၊ လက်မောင်း၊ ရင်အုံ၊ ဝမ်းဗိုက် ၊ နောက်ကျောတို့မှာ ကျည်ဖောက်ဝင်ဒဏ်ရာတွေရရှိခဲ့ပြီး နေရာမှာတင် သေဆုံးခဲ့ပါတယ်။
ဘာကြောင့် ပစ်ခတ်ခဲ့တယ်ဆိုတာနဲ့ ပစ်ခတ်သူတွေဟာ ဘယ်သူတွေလဲ ဆိုတာကိုတော့ မသိရသေးပါဘူး။
ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၁၁၀ အနီးက စေတီတစ်ထောင် ရဲကင်းစခန်းကို နိုဝင်ဘာ ၉ ရက် ဒီနေ့မနက်စော ၃ နာရီခွဲဝန်းကျင်က တိုက်ခိုက်ခံရလို့ ရဲတပ်ဖွဲ့ဝင် ၅ ယောက် သေဆုံးသွားပါတယ်။
''ရဲတပ်ဖွဲ့ဝင် လေးယောက်ကတော့ ပွဲချင်းပြီးဆုံးသွားတယ်။ တယောက်ကတော့ နောက်မှ ဆုံးသွားတယ်။ စခန်းမှာထားတဲ့ လက်နက်တွေလည်း ပါသွားတယ်ဗျ'' လို့ အမြန်လမ်းမှာ တာဝန်ကျတဲ့ ရဲတပ်သားတဦးက အတည်ပြုပြောပါတယ်။
အဆိုပါဖြစ်စဉ်နဲ့ ပတ်သက်လို့ ဖြူးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံက “စေတီတစ်ထောင် ရဲကင်းကို ဝင်ရောက်စီးနင်းခဲ့ပြီး ရဲ ၄ ဦး ပွဲချင်းပြီး သေဆုံးပြီး ၁ ဦးကတော့ အပြင်းအထန် ဒဏ်ရာရသွားတယ်။ သေနတ်အရှည် ၂ လက်လည်း သိမ်းယူလာတယ်။ ကျွန်တော်တို့ ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာရတယ်။ မစိုးရိမ်ရပါဘူး” လို့ ပြောဆိုပါတယ်။
ရန်ကုန်-မန္တလေး အမြန်လမ်းရဲတပ်ဖွဲ့ တပ်ဖွဲ့မှူးရုံးကို ဆက်သွယ်မေးမြန်းရာမှာတော့ စစ်ဆေးနေဆဲ ဖြစ်ပြီး အထက်အမိန့်မရသေးလို့ မဖြေဆိုနိုင်သေးဘူးလို့ ဒီဗွီဘီရဲ့မေးမြန်းမှုကို တာဝန်ကျရဲအရာရှိက ပြန်လည်ဖြေဆိုပါတယ်။