close

ရန်ကုန် UG Assocaition

close

December 8, 2022

မြောက်ဥက္ကလာတွင် စစ်ကောင်စီ စုပေါင်းစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရ

ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ်၊ သုံးလမ်းဆုံအနီးက စုပေါင်းစစ်ဆေးရေးဂိတ်ကို ဒီဇင်ဘာ ၈ ရက် ဒီနေ့မနက်  အဝေးထိန်းခလုတ်နဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့  ရန်ကုန် UG association ကနေသိရပါတယ်။

ဒီနေ့မနက်၉ နာရီ ၄၅ မိနစ်အချိန်မှာ  Yangon UG association (YUA) အဖွဲ့ဝင် God’s Hand Forces (GHF) ရဲ့ တပ်ခွဲ ၆ ဖြစ်တဲ့  Black Fox YGN UG က ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း စစ်ကောင်စီတပ်ဖွဲ့ဝင် အနည်းဆုံး ၈ ယောက်လောက် ထိခိုက်သေဆုံးတာရှိခဲ့တယ်လို့ ဆိုပါတယ်။

Yangon UG association တာဝန်ရှိသူတဦးက “ကျနော်တို့ နောက်ချန် စကောက်တွေဆီက သတင်းကိုသေချာရလို့ အခုလို ထုတ်ပြန်ထားတာပါ။ ဘဲဥ သုံးကောင်ထိပြီး တစ်ကောင်သေတယ်။ စခတွေ အရပ်ဝတ်နဲ့ သုံးကောင်၊ ယူနီဖောင်းနဲ့ နှစ်ကောင် စုစုပေါင်း ၈ ကောင်ထိပါတယ်” လို့ ပြောပါတယ်။

အဆိုပါစစ်ဆင်ရေးကို “အသက်လျော်ကြေး စစ်ဆင်ရေး” ရဲ့ တစ်စိတ်တပိုင်းဖြစ်တယ်လို့ ကြေညာထားပြီး ဖောက်ခွဲမှုကြောင့် စစ်ကောင်စီရဲ့ ကားတစ်စီးလည်း ပျက်စီးသွားခဲ့ရသလို လုပ်ဆောင်ခဲ့တဲ့ ရဲဘော်တွေအနေနဲ့ ထိခိုက်မှု မရှိခဲ့ဘူးလို့သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာရ သေဆုံးမှု အခြေအနေနဲ့ ပတ်သက်လို့ သီးခြား အတည်ပြုနိုင်တာမရှိသေးသလို စစ်ကောင်စီပြန်ကြားရေးကလည်း သတင်းထုတ်ပြန်တာ မရှိပါဘူး။ 

ဖောက်ခွဲရေးမစ်ရှင်လုပ်ဆောင်ရာမှာ ခရီးသွားလာတဲ့ ပြည်သူတွေ ထိခိုက်မှု မရှိအောင် သေချာစောင့်ကြည့် အချိန်ယူပြီးမှ လုပ်ဆောင်ခဲ့ရတယ်လို့လည်း ရန်ကုန် UG အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

“သူတို့က  အဲဒီနေရာကို ကားလမ်း ဘယ်ညာဂိတ်ချပြီး စစ်တာပါ၊ နေ့တိုင်းကို စစ်နေတာ၊ ကျနော်တို့ အနေနဲ့က အများပြည်သူတွေ မထိခိုက်အောင် အချိန်ယူ စောင့်ကြည့်ပြီး သေချာမှ လုပ်ဆောင်လိုက်တာပါ၊ အာဏာရှင် မကျရှုံးသေးသရွေ့  ကျနော်တို့ ရန်ကုန်မှာ ဆက်တိုက်ရှိနေမယ်၊ ရန်ကုန်က ကျနော်တို့ ရန်ကုန်ပါ လုံးဝနောက်မဆုတ်ပါဘူး။”

ရန်ကုန်မှာ UG အဖွဲ့ဝင်တွေအနေနဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂ ရက်ကလည်း မြောက်ဒဂုံ ပင်လုံလမ်းမနဲ့ ပြည်ထောင်စုလမ်းထောင့်မှာရှိတဲ့ ထွေအုပ်ရုံးနဲ့ စည်ပင်ခရိုင်ရုံးတို့ကိုလည်း အဝေးထိန်းခလုပ်နဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့ပါတယ်။

3 mins Ago
Up