close

ရန်ပုံငွေပွဲ

close

March 30, 2023

မဟာချိုင်တွင် စစ်ဘေးရှောင်မြန်မာပြည်သူများအတွက် ရန်ပုံငွေရှာ လမ်းလျှောက်သင်္ကြန်ပွဲ ကျင်းပမည်

ထိုင်းနိုင်ငံ၊ ဆမွတ်ဆာခွန်ခရိုင်၊ မြန်မာအများစုနေထိုင်တဲ့ မဟာချိုင်မြို့နယ်ရှိ တနင်္ဂနွေ စျေးကွင်းကြီးမှာ မြန်မာနိုင်ငံတွင်းက စစ်ဘေးရှောင်ပြည်သူတွေအတွက် ရန်ပုံငွေ အတာသင်္ကြန် လမ်းလျှောက်ပွဲ ကျင်းပဖို့ရှိနေပါတယ်။

ဧပြီ ၁၃ ရက်နဲ့ ၁၄ ရက်နေ့တွေမှာ ကျင်းပမယ့် ရန်ပုံငွေရှာ အတာသင်္ကြန် လမ်းလျှောက်ပွဲမှာ ပါဝင် ရေကစားဖို့ တနေရာကို ဘတ် ၅,၀၀၀ နှုန်း သတ်မှတ်ထားပြီး လူ ၁၀ ဦးအထိ ကစားခွင့်ရှိသလို ဈေးရောင်းတာ၊ စတုဒိသာကျွေးတာ၊ သင်္ကြန်ယိမ်းအကများ ကတာ စတာတွေ ပြုလုပ်နိုင်တယ်လို့ ပွဲစီစဉ်သူတွေထံက သိရပါတယ်။

ပွဲစီစဉ်သူတဦးက “ပွဲစီစဉ်ခွင့်ရဖို့အတွက် အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်ယူတဲ့နေရာမှာ အနည်းငယ်တော့ အခက်အခဲရှိပါတယ်။ မြန်မာပြည်မှာ ဒုက္ခရောက်နေကြတဲ့ ဒေသအသီးသီးမှာရှိတဲ့ စစ်ဘေးရှောင်တွေကို အဘက်ဘက်က ကူညီပေးနိုင်ဖို့ရယ်၊ အမိမြေနဲ့ ဝေးကွာပြီး ကိုယ့်ရဲ့ ရိုးရာသင်္ကြန်ကို လွမ်းဆွတ်တမ်းတနေတဲ့ မြန်မာပြည်သားတွေအတွက် တနှစ်တာ ပင်ပန်းဆင်းရဲမှုတွေကို အပန်းပြေသွားအောင် ရည်ရွယ်ပြီး စီစဉ်ခဲ့တာပါ။ မနက်ပိုင်းမှာ သံဃာတော်တွေကို ဆွမ်းကပ်မယ်၊ ပရိတ်ရွတ်တာတွေ ပါဝင်မှာပါ။ မြန်မာ့ရိုးရာနှစ်သစ်ဆိုတော့ ဒုလ္လဘ ရဟန်းခံမယ့်လူတွေလည်း ရှိပါတယ်။ အခုကတည်းက ရေကစားဖို့ စာရင်းသွင်းထားကြ တဲ့လူတွေလည်း ရှိပြီဆိုတော့ အစစအရာရာ အဆင်ပြေသွားမယ်လို့ ယုံကြည်ပါတယ်” လို့ ပြောပါတယ်။

မြန်မာပြည်မှာလည်း နိုင်ငံရေး အခြေအနေမကောင်းတဲ့အချိန်ဖြစ်နေလို့ ထိုင်းရောက်နေတဲ့ ကိုယ့်နိုင်ငံသားတွေ စိတ်လွတ်ကိုယ်လွတ် ပျော်လို့ရအောင် မြန်မာပြည်ကိုရောက်သွားတဲ့ ပုံစံမျိုးဖြစ်အောင် စီစဉ်ခွင့်ရလို့ ဝမ်းသာမိပါတယ်လို့ ပွဲစဉ်သူက ဒီဗွီဘီကို ပြောပါတယ်။

14 mins Ago

January 25, 2022

“ပညာဖြင့်တော်လှန် နွေဦးရဲ့အောင်လံ မလေးရောက်မြန်မာတို့အသံ” ရန်ပုံငွေပွဲ ကျင်းပမည်

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပညာရေးရန်ပုံငွေအတွက် မလေးရှားရောက် မြန်မာတွေက တော်လှန်ရေးရန်ပုံငွေပွဲတခုကို ကျင်းပဖို့ ရှိနေပါတယ်။

“ပညာဖြင့်တော်လှန် နွေဦးရဲ့အောင်လံ မလေးရောက်မြန်မာတို့အသံ” အမည်နဲ့ ပြုလုပ်တဲ့ ဒီပွဲမှာတော့ ကံစမ်းမဲလက်မှတ်တစောင်ကို မလေးရှားရင်းဂစ် ၅၀ နဲ့ ပါဝင်ကံစမ်းနိုင်မှာဖြစ်ပြီး အစီအစဉ်ကရရှိတဲ့ ရန်ပုံငွေတွေကို မြန်မာနိုင်ငံတဝန်း စစ်ရှောင်ဒေသ ပညာရေး၊ ကျန်းမာရေး၊ CDM ဆရာ  ဆရာမတွေကို ထောက်ပံ့ကူညီတာတွေ၊  ပြန်လည်ထူထောင်ရေးကဏ္ဍတွေမှာ အသုံးပြုသွားမယ်လို့ ဆိုပါတယ်။

ဆုမဲကြေညာမယ့် အစီအစဉ်ကိုတော့ လာမယ့် မတ် ၂၀ ရက်၊ မြန်မာစံတော်ချိန်မနက် ၁၀ နာရီမှာ ပြုလုပ်မှာဖြစ်ပြီး ကံစမ်းမဲဖောက်ပေးမယ့် ပစ္စည်းတွေအနေနဲ့ မလေးရှားနိုင်ငံထုတ်မော်တော်ကား ၁ စီး၊ မော်တော်ဆိုင်ကယ် ၃ စီး၊  Smart phone ၃ လုံး၊ ရေခဲသေတ္တာ ၁ လုံးအပါအဝင် နှစ်သိမ့်ဆုတွေ၊ အနုပညာရှင်တွေရဲ့ မေတ္တာလက်ဆောင်ပစ္စည်းတွေကိုလည်း ထည့်သွင်းမဲဖောက်ပေးသွားမယ်လို့ ဆိုပါတယ်။

ကံစမ်းမဲလက်မှတ်တွေကို အွန်လိုင်းက ဝယ်ယူလိုသူတွေအတွက် ဖေ့စ်ဘွတ်ခ်လူမှုကွန် ရက်စာမျက်နှာတွေဖြစ်တဲ့ "Education and Healthcar for Myamnar Facebook page,"နဲ့ "ပညာဖြင့်တော်လှန်နွေဦးရဲ့အောင်လံ မလေးရောက်မြန်မာတို့ရဲ့အသံ Facebook page"တွေမှာ ဝယ်ယူနိုင်သလို နိုင်ငံအသီးသီးက ကိုယ်စားလှယ်တွေ၊ မလေးရှားနိုင်ငံအတွင်း ဝယ်ယူအားပေးလိုသူတွေအတွက် Myanmar Migrant Workers Committee (Malaysia) ဖေ့စ်ဘွတ်ခ်စာမျက်နှာတွေကတဆင့် ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

သိပ်မကြာခင်ကလည်း စစ်အာဏာရှင်စနစ် အမြစ်ပြတ်ပြီး မြန်မာ့ပညာရေးပြန်လည်ဦး မော့လာရေးကို ရည်ရွယ်ပြုလုပ်တဲ့ “ပညာဖြင့်တော်လှန် နွေဦးရဲ့အောင်လံ” ဖျော်ဖြေပွဲ ကို ကျင်းပပြုလုပ်ခဲ့ပါသေးတယ်။

အဆိုပါ ဖျော်ဖြေပွဲမှာတော့ တော်လှန်ရေးမှာ ပါဝင်ဆင်နွှဲနေကြတဲ့ နိုင်ငံကျော် ဂီတ၊ ရုပ်ရှင်၊ ကာတွန်း၊ စာပေ၊ ပန်းချီ အနုပညာရှင်တွေက တော်လှန်ရေးတေးသီချင်းတွေ၊ ကဗျာတွေ၊ ကာတွန်း၊ ပန်းချီ၊ မှတ်တမ်းရုပ်ရှင်နဲ့ တခြားသော အနုပညာဖျော်ဖြေမှု အစီအစဉ်များစွာနဲ့  ဖျော်ဖြေတင်ဆက်ခဲ့ကြပါတယ်။

ဒါ့အပြင် ထိုင်းရောက်မြန်မာတွေ ဦးဆောင်ကျင်းပတဲ့ “တော်လှန်ကျန်းမာ အနာဂတ် ကမ္ဘာ၊ ထိုင်းရောက်တို့ မြန်မာ” အမည်နဲ့ ကျင်းပတဲ့ ကျန်းမာရေးရန်ပုံငွေ ဖျော်ဖြေပွဲကနေလည်း ရန်ပုံငွေဘတ်သိန်း ၁၂၀ ကျော် ရရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

1 year Ago
Up