close

ရန်သူကို မိတ်ဆွေလုပ်

close

June 26, 2021

ရန်သူကို မိတ်ဆွေလုပ်ခြင်းဖြင့် စစ်ကို အဆုံးသတ်နိုင်ဟု အမေရိကန်သမ္မတကို အာဖဂန်သမ္မတ ပြော

စစ်ကိုအဆုံးသတ်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ သင့်ရန်သူကို မိတ်ဆွေတစ်ဦး ဖြစ်စေခြင်းပါပဲလို့ အာဖဂန်နစ္စတန် သမ္မတ Ashraf Ghani က အမေရိကန်သမ္မတ Joe Biden ကို ဇွန်လ ၂၅ ရက်မှာ ပြောလိုက်ပါတယ်။ 

သမ္မတ Ghani ဟာ ဝါရှင်တန်မှာ ရောက်ရှိနေတာဖြစ်ပြီး အာဖဂန်မှာ နှစ် ၂၀ ကြာ စစ်ပွဲအပြီး အမေရိကန်တပ်တွေ ပြန်ရုပ်သိမ်းသွားပြီးနောက်မှာ ရှေ့တိုးလာတဲ့ တာလီဘန်တွေကို အစိုးရတပ်တွေက တိုက်ထုတ်နေရတာကြောင့် အာဖဂန်နစ္စတန်နိုင်ငံအတွက် အကူအညီ လာတောင်းတာဖြစ်ပါတယ်။ 

ဂျိုးဘိုင်ဒန်က သူတို့ကိုယ်သူတို့ “မိတ်ဆွေ ၂ ယောက်” လို့ သုံးနှုန်းလိုက်ပြီး အမေရိကန်တပ်တွေ ထွက်သွားပေမယ့် အာဖဂန်အတွက် အမေရိကန်ရဲ့ အကူအညီဟာ မပြီးဆုံးသွားဘဲ ဆက်ရှိနေဦးမှာပါလို့ ပြောပါတယ်။ 

အာဖဂန်လုံခြုံရေးတပ်ဖွဲ့တွေဟာ သောကြာနေ့မှာ ခရိုင် ၆ ခုကို ပြန်လည်သိမ်းယူခဲ့တယ်လို့ သမ္မတ Ghani က ပြောပါတယ်။ 

သူဟာ Biden ရဲ့ ဆုံးဖြတ်ချက်ကိုလေးစားပြီး အမေရိကန်နဲ့ အာဖဂန်နစ္စတန်အကြား ပူးပေါင်းမှုဟာ အဆင့်သစ်တစ်ခုကို ရောက်နေပြီလို့ ပြောပါတယ်။ 

လတ်တလော အာဖဂန်နစ္စတန်မှာ တာလီဘန်သိမ်းပိုက်မှုတွေ၊ ဗုံးဖောက်ခွဲမှုတွေနဲ့ လုပ်ကြံသတ်ဖြတ်မှုတွေ၊ ကိုဗစ်နိုင်တီးကူးစက်မှု မြင့်နေတာတွေနဲ့ ကဘူးလ်မှာ နိုင်ငံရေး ကြံစည်တိုက်ခိုက်မှုတွေစတဲ့ အကျပ်အတည်းပေါင်းစုံကို ရင်ဆိုင်နေရတဲ့ အာဖဂန်ခေါင်းဆောင်အတွက် ဘိုင်ဒန်ရဲ့ထောက်ခံအားပေးကူညီမှုကို အတည်ပြုမယ့်သဘော မြင်ရတာကြောင့် ဘဲဥပုံရုံးခန်း အစည်းအဝေးဟာ သမ္မတ Ghani အတွက် အမေရိကန်ရဲ့ အကူအညီသစ်ကို ရရှိမယ့်သင်္ကေတတခုအဖြစ် အကျိုးအမြတ် ရှိမယ်လို့ ရိုက်တာသတင်းမှာ ရေးပါတယ်။ 

ယူအက်စ် အောက်လွှတ်တော်ဥက္ကဌ Nancy Pelosi ကလည်း ရီပတ်ဘလစ်ကန်နဲ့ ဒီမိုကရက် ပါတီနှစ်ခုက ခေါင်းဆောင်တွေ အစည်းအဝေးကို Ghani ကို ကြိုဆိုခဲ့ပြီး အမေရိကန်ရဲ့ လူသားချင်း စာနာမှုအကူအညီမှာ အထူးသဖြင့် အမျိုးသမီးနဲ့ကလေးတွေအတွက် ဘာတွေထပ်လုပ်ပေးနိုင်မယ်ဆိုတာ ကြားရဖို့ မျှော်လင့်နေကြောင်း ပြောပါတယ်။

 ဥပဒေပြုအမတ်တွေနဲ့ ကျွမ်းကျင်သူတွေကတော့ တာလီဘန်တွေ အာဏာပြန်ရသွားရင် ၁၉၉၆-၂၀၀၁ ခုနှစ် သူပုန်တွေ အုပ်ချုပ်ချိန် ကာလအတွင်း ပညာရေးနဲ့ အလုပ်ခွင်မှာ အမျိုးသမီးနဲ့ကလေးတွေ ပြင်းပြင်းထန်ထန် ဖိနှိပ်ချုပ်ခြယ်ခံခဲ့ရတဲ့ အခြေအနေဆီ ပြောင်းပြန် ပြန်ဖြစ်သွားမှာကို စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်။  

12 hours Ago
Up