close

ရပ်ကျေးအုပ်ချုပ်ရေးမှူး

close

March 7, 2023

အေအေဘက်သို့ အစွန်းမရောက်ရန် ဘူးသီးတောင်ရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူးများကို စစ်ကောင်စီဗျူဟာမှူးပြော

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူး ၈၀ ကျော်ကို စစ်ကောင်စီတပ် ဗျူဟာမှူးက ခေါ်ယူတွေ့ဆုံပြီး  အေအေ တဖက်တည်းကို အစွန်းမရောက်ဖို့ ခေါ်ယူ အသိပေးခဲ့တယ်လို့ ဘူးသီးတောင် ကျေးရွာအုပ်ချုပ်ရေးမှူးတွေထံက သိရပါတယ်။

ကျေးရွာအုပ်ချုပ်ရေးမှူးတဦးက “ဗျူးဟာမှူးကိုယ်တိုင် ခေါ်ပြီးပြောတာ။ သူပြောတာကတော့ အေးဆေးပါ။ ခြိမ်းခြောက်တာလည်း မဟုတ်ပါဘူးပေါ့။ အားလုံးကို သူတို့သိတယ်။ အေအေ တဖက်တည်းကို အစွန်းရောက်မသွားစေနဲ့၊ တဖက်နဲ့တဖက် သတိထားပြီး လုပ်ဆောင်ကြဖို့ ပြောတာပါ” လို့ ပြောပါတယ်။

ဘူးသီးတောင်မြို့နယ်ရှိ ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး ၈၀ ကျော်ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကုန်က ဘူးသီးတောင်မြို့နယ် စစ်ကောင်စီဗျူဟာမှူး ဗိုလ်မှူးကြီး တင်မိုးအောင်က အခုလို ခေါ်ယူပြောဆိုလိုက်တာပါ။

ဒါ့အပြင် ဗျူဟာမှူး ဗိုလ်မှူးကြီး တင်မိုးအောင်က ၂၀၁၇ ခုနှစ် အကြမ်းဖြစ်စဥ်မှာ ထွက်ပြေးသွားကြတဲ့ မွတ်ဆလင်ကျေးရွာတွေက လူနေအိမ်မြေနေရာနဲ့ လယ်ယာမြေတွေကို အုပ်ချုပ်ရေးမှူးတွေအနေနဲ့ ရောင်းစားပါက အရေးယူသွားမယ်လို့ ပြောကြားခဲ့ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးတွေက ဆိုပါတယ်။

“သူပြောတာကတော့ ကျေးရွာနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက ၂၀၁၇ ခုနှစ် အကြမ်းဖက်ဖြစ်စဥ်မှာ တဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးသွားကြတဲ့ မွတ်ဆလင်တွေရဲ့ မြေနေရာတွေနဲ့ လယ်မြေတွေကို ရောင်းစားထားတာတွေရှိရင် အရေးယူသွားမယ်လို့ ပြောပါတယ်။”

မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေထက် ကျေးရွာအုပ်ချုပ်ရေးမှူးတွေက နှစ်ဖက် အုပ်ချုပ်ရေးအကြား အကျပ်အတည်းတွေ တွေ့နေရတယ်လို့ ပြောကြပါတယ်။

“မြို့ပေါ်အုပ်ချုပ်ရေးမှူးတွေထက် ကျေးရွာအုပ်ချုပ်ရေးမှူးတွေက ပိုပြီး အခက်တွေ့နေရတယ်။ ဟိုဘက်က ​တောင်းဆိုလာတာကိုလည်း လွန်ဆန်လို့မရဘူး။ ဒီဘက်က​ ညွှန်ကြားလာတာလည်း ရှာဖွေမပေးလို့မရဘူး။ နှစ်ဖက်ကြားမှာ ကြားညပ်နေကြရတာ။”

စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် (အေအေ) အကြား တကျော့ပြန်တိုက်ပွဲတွေ ဖြစ်ပွားပြီးနောက် ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၄ ရက် အပစ်ရပ်ထားချိန်မှာ မောင်တောအပါအဝင် ရခိုင်ဒေသတခုလုံးကို စစ်ကောင်စီတပ်က စစ်အင်အားနဲ့ ရိက္ခာဖြည့်တင်းနေတဲ့အပြင် ရခိုင်လူမျိုးတွေကို သွေးခွဲ နေတာကြောင့် တိုက်ပွဲတွေ ပြန်ဖြစ်သွားနိုင်တယ်လို့ ဖေဖော်ဝါရီ ၂၇ ရက် သတင်းစာရှင်းလင်းပွဲမှာ အေအေပြောခွင့်ရ ခိုင်သုခက ပြောဆိုထားပါတယ်။

13 hours Ago

November 27, 2022

နုတ်ထွက်စာတင်ထားသည့် ပုဏ္ဏားကျွန်း ရပ်ကျေးအုပ်ချုပ်ရေးမှူး ၆၀ ကျော်ရှိလာ

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်မှာ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် (အေအေ) တို့ စစ်ရေး တင်းမာလာပြီးနောက် စစ်ကောင်စီလက်အောက်ခံ ရပ်ကျေးအုပ်ချုပ်ရေးမှူး ၆၀ ကျော် နုတ်ထွက်စာ တင်ထားကြတယ်လို့ မြို့နယ်ထွေ/အုပ်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ်မှာ စစ်ကောင်စီနဲ့ အေအေတို့ကြား နိုဝင်ဘာလဆန်းပိုင်းက တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က ကျေးရွာ နေအိမ်တွေကို မီးရှိုတာနဲ့ ရွာသားတွေကို သတ်ဖြတ်တာအပြင် ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို မထီမဲ့မြင် လုပ်တာကြောင့် နုတ်ထွက်စာတင်တာ ဖြစ်နိုင်တယ်လို့ မြို့နယ် ထွေ/အုပ်နဲ့နီးစပ်သူတဦးက ပြောပါတယ်။

"နုတ်ထွက်စာ တင်သူ ၆၀ ကျော်ရှိလာတယ်။ နုတ်ထွက်ခွင့် ပြု၊ မပြုကတော့ အထက်က အမိန့်ကျမှ သိရမှာဖြစ်တယ်။ စစ်တပ်က ကျေးရွာတွေကို ဝင်စစ်တဲ့အခါ ကျေးရွာအုပ်ချုပ်ရေးမှူး တွေကို မထီမဲ့မြင်လုပ်ရပ်တွေကြောင့် အုပ်ချုပ်ရေးမှူးတွေက နုတ်ထွက်လာကြတာလို့ သိရတယ်။" 

ပုဏ္ဏားကျွန်းမြို့နယ်မှာ ကျေးရွာအုပ်စု ၉၆ စုရှိပြီး နုတ်ထွက်စာတင်ထားတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူး ၆၀ ကျော် ရှိလာတာလည်း ဖြစ်ပါတယ်။

စစ်ရေးတင်းမာလာမှုကြောင့် နှစ်ဖက်လက်နက်ကိုင်တွေကြား ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ အနေကြပ်လာပြီး အုပ်ချုပ်ရေးမှူး တယောက်အနေနဲ့ ဘာမှလုပ်မပေးနိုင်တော့ နုတ်ထွက်စာ တင်လိုက်တာလို့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတဦးက ပြောပါတယ်။

"အဓိကတော့ စစ်ရေးတင်းမာလာတဲ့အခါ နှစ်ဖက်လက်နက်ကိုင်တွေက အုပ်ချုပ်ရေးမှူးတွေကို အမြင်မကြည်တော့သလို ဖြစ်လာကြတယ်။ ကျေးရွာ အခက်ကြုံလာတဲ့အခါ  ဘာမှ လုပ်မပေး နိုင်ကြတော့ နုတ်ထွက်စာတင်လိုက်တာပါ။"

ပုဏ္ဏားကျွန်းမြို့နယ်မှာ နိုဝင်ဘာ ၁၀ ရက်က စစ်ကောင်စီရိက္ခာတင်ယာဥ် ၃ စီးကို အေအေက တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီက ကြည်း၊ ရေ၊ လေအပါဝင် လက်နက်ကြီးပစ်ကူနဲ့ပါ ပြန်လည်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်တိုက်ပွဲမှာ အရပ်သား ၁၀ ယောက်ထက်မနည်း သေဆုံးခဲ့ကာ လူဦးရေ သောင်းချီ စစ်ဘေးရှောင်နေကြရပါတယ်။

3 months Ago
Up