ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်းက ကျေးရွာအုပ်ချုပ်ရေးမှူး နှစ်ယောက်၊ ကျေးရွာတာဝန်ခံတယောက်နဲံ အရပ်သား နှစ်ယောက်တို့ကို စစ်ကောင်စီက မောင်တောမြို့နယ်တရားရုံးမှာ အောက်တိုဘာ ၁၃ ရက်က လက်နက်အရေးပေါ်စီမံမှုဥပဒေ ၂/၁(က) နဲ့ ချုပ်ရမန်ကြီး ၂ ပတ် ရယူထားကြောင်း သူတို့ရဲ့ရှေ့နေတွေက ပြောပါတယ်။
အဆိုပါ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေနဲ့ အရပ်သားတွေကို စစ်ကောင်စီက ဖမ်ဆီးထားကာ ပုဒ်မ ၄ ခုနဲ့ အမှုဖွင့်ပြီး ၂ လကျော်ကြာတဲ့အထိ တရားစွဲတင်နိုင်ခြင်းမရှိဘဲ အခုမှ လက်နက်မှုနဲ့ စွပ်စွဲ လိုက်တာဖြစ်ပါတယ်။
ဒီအမှုလိုက်ပါဆောင်ရွက်ပေးနေတဲ့ရှေ့နေက “မြို့နယ်တရားရုံးမှာ ပုဒ်မ ၄ ခုနဲ့ တရားစွဲတယ်။ ချုပ်ရမန် ၄ ကြိမ်ပြည့်သွားတယ်။ ခိုင်လုံတဲ့ သက်သေအထောက်အထား မရှိတော့ တရားစွဲမတင်နိုင်ခဲ့တော့ အခု ခရိုင်တရားရုံးမှာ လက်နက်မှုနဲ့ ချုပ်ရမန် ၂ ပတ် ရယူထားတာ။”လို့ ပြောပါတယ်။
မောင်တောမြို့နယ်မြောက်ပိုင်း မြဝတီကျေးရွာအနီးမှာ ဇူလိုင် ၁၈ ရက်က စစ်ကောင်စီကား တစီးကို အေအေက မိုင်းခွဲတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး မသင်္ကာမှုနဲ့ ကြိမ်ချောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ကိုကိုအောင် (ခ) ဘုန်းကံနိုင်၊ တရိမ်းကျေးရွာ အုပ်ချုပ်ရေးမှူး အိမ်စိုးမောင်း (ခ) ဇာလီ၊ သာယာကုန်းကျေးရွာတာဝန်ခံ မောင်ဘသိန်းနဲ့ အရပ်သားတွေဖြစ်ကြတဲ့ ဦးထွန်းရွှေနဲ့ ဦးထွန်းအေးကြိုင်တို့ဟာ ဖမ်းဆီး အမှုဖွင့်ခံကြရတာ ဖြစ်ပါတယ်။
ဖမ်းဆီးခံရသူတဲ့ သာယာကုန်းကျေးရွာတာဝန်ခံ မောင်ဘသိန်းဟာ ဖမ်းဆီးခံရတဲ့နေ့မှ ဒီနေ့အထိ မိသားစုနဲ့ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေပါတယ်။
သူတို့ကို ပြီးခဲ့တဲ့ ဇူလိုင် ၂၁ ရက်က ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ လူသတ်မှု၊ ၃၀၇ လူသတ်ရန်ကြံရွယ်မှု၊ ၃၂၆ ထိခိုက်နာကျင်စေမှု၊ ၁၁၄ ပူးပေါင်းပါဝင်မှုတွေနဲ့ မောင်တောမြို့နယ်တရားရုံးမှာ အမှုဖွင့်လှစ်ကာ ဥပဒေအရ ချုပ်ရမန် ၂၈ ရက်အထိ ရယူပြီး တရားစွဲတင်နိုင်ခြင်း မရှိတဲ့တွက် အခုတဖန် လက်နက်အရေးပေါ်စီမံမှုဥပဒေ ၂/၁(က) နဲ့ မောင်တောခရိုင်တရားရုံးမှာ ချုပ်ရမန်ကြီး ၂ ပတ် ရယူထားတာလည်း ဖြစ်ပါတယ်။
ကြိမ်ချောင်းကျေးရွာအုပ်ချုပ်ရေးမှူး ကိုကိုအောင် (ခ) ဘုန်းကံနိုင်ရဲ့ ဇနီးဖြစ်သူ ဒေါ်အမက “သူတို့လုပ်ချင်သလို လုပ်နေကြတာပါ။ ပုဒ်မ ၄ ခုနဲ့ အမှုဖွင့်တယ်။ သက်သေမခိုင်လုံတော့ တရားမစွဲနိုင်ဘူး။ တရားမစွဲနိုင်တော့ နောက်ပုဒ်မတခုတပ်ပြီး ဖမ်းဆီးထားတယ်။ တရားဥပဒေဆိုတာ အမှန်တရားမရှိတော့ဘူး။ တရားသူကြီးလည်း အမှန်အတိုင်း မလုပ်ရဲတော့ဘူး။ သူတို့ခိုင်းတဲ့အတိုင်း လိုက်လုပ်ကြရမှာ။ ထောင်ချခိုင်းရင် ထောင်ချပေးရမှာ။ အမှန်တရားဆိုတာ ဘာမှမရှိတော့ဘူး” လို့ ပြောပါတယ်။
မောင်တောမြို့နယ်မြောက်ပိုင်း မြဝတီကျေးရွာအနီးမှာ ဇူလိုင် ၁၈ ရက် မနက် ၁၁ နာရီကျော်လောက်က စစ်ကောင်စီကားတစီးကို အေအေက မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ နယ်ခြားစောင့်တပ်ဖွဲ့ဝင် အယောက် ၂၀ ကျဆုံးပြီး ၁၄ ယောက် ဖမ်းဆီးခံခဲ့ရပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ရပ်ကွက်နဲ့ ကျေးရွာ အုပ်ချုပ်ရေးပိုင်းက တာဝန်ရှိသူ အယောက် ၂၀၀ လောက် အသတ်ခံရလို့ သေဆုံးခဲ့ပြီး ၁၅၀ လောက် ဒဏ်ရာရခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
စစ်ကိုင်းတိုင်းထဲမှာ အများဆုံး သတ်ခံရတာဖြစ်ပြီး ကျေးရွာနဲ့ ရပ်ကွက် အုပ်ချုပ်ရေးမှူး ၄၉ ယောက်၊ ရာအိမ်မှူး ၄ ယောက်နဲ့ စာရေး ၂ ယောက် သတ်ခံရပါတယ်။ ပြီးတော့ အုပ်ချုပ်ရေးမှူး ၁၉ ယောက် ဒဏ်ရာရ၊ ရာအိမ်မှူး ယောက် ဒဏ်ရာရပြီး စာရေး ၂ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
အသတ်ခံရသူ ဒုတိယအများဆုံးဖြစ်တဲ့ မန္တလေးတိုင်းမှာတော့ အုပ်ချုပ်ရေးမှူး ၃၁ ယောက် သေဆုံးပြီး ၂၃ ယောက် ဒဏ်ရာရ၊ ရာအိမ်မှူး ၁၃ ယောက် သေဆုံးကာ ၁၈ ယောက် ဒဏ်ရာရ၊ စာရေး ၁ ယောက် ဒဏ်ရာရခဲ့ပါတယ်။ ရန်ကုန်တိုင်းမှာတော့ အုပ်ချုပ်ရေးမှူး ၁၄ ယောက် သေဆုံးပြီး ၁၅ ယောက် ဒဏ်ရာရ၊ ရာအိမ်မှူး ၁၆ ယောက် သေဆုံးကာ ၂၁ ယောက် ဒဏ်ရာရ၊ စာရေး ၁ ယောက် ဒဏ်ရာရခဲ့ကာ စုစုပေါင်း သေဆုံးသူ အယောက် ၃၀ နဲ့ ဒဏ်ရာရသူ ၃၇ ယောက် ရှိပါတယ်။
ချင်းပြည်နယ်မှာ အုပ်ချုပ်ရေးမှူး ၁ ယောက်သေဆုံး ၁ ယောက် ဒဏ်ရာရပြီး ရှမ်းပြည်နယ်မှာတော့ အုပ်ချုပ်ရေးမှူး ၂ ယောက် ဒဏ်ရာရပြီး ရာအိမ်မှူး ၁ ယောက် သေဆုံးတယ်လို့ စစ်ကောင်စီ စာရင်းမှာ ဖော်ပြထားပါတယ်။
နေပြည်တော်နဲ့ ရခိုင်ပြည်နယ်မှာတော့ အုပ်ချုပ်ရေးမှူး ၁ ယောက်စီပဲ သေဆုံးခဲ့ပြီး ကယားပြည်နယ်မှာ အုပ်ချုပ်ရေးမှူး ၁ ယောက်ပဲ ဒဏ်ရာရခဲ့ပါတယ်။
စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေဟာ စစ်ကောင်စီ သက်ဆိုးရှည်ဖို့ အထောက်အပံ့ဖြစ်တာကြောင့် နုတ်ထွက်ကြဖို့ ပြည်သူတွေက သပိတ်တွေနဲ့ တောင်းဆိုကြသလို့ ဒလန်ရှင်းလင်းရေးနဲ့ ပြောက်ကျားတပ်ဖွဲ့တွေကလည်း သူတို့နုတ်ထွက်ကြဖို့ သတိပေးနေတာပါ။
"ဒလန်ကတော့ သေပါစေဗျာ။ ဒလန်ကြောင့် စစ်ကြောင်းထိုးခံရတာ၊ ကိုယ့်လူတွေ ဖမ်းခံရတာဆိုတော့ များများသေဖို့လိုတယ်။ စစ်ကောင်စီကို အားပေးထောက်ခံတဲ့ ထောက်တိုင်မှန်သမျှကတော့ အနှေးနဲ့ အမြန် ကျဆုံးကျမှာပဲဗျာ။ လူတိုင်းသေရမှာပါပဲ။ အမှန်တရားဘက်က ရပ်တည်ပြီးသေရတာ ပိုကောင်းပါတယ်။ ဘဝမှာ တခါပဲ သေရမယ်။ အခါခါ မသေနိုင်ဘူးလေ" လို့ ဆောမြို့နယ် PDF တာဝန်ရှိသူတယောက်က ပြောပါတယ်။
တနိုင်ငံလုံးမှာတော့ အုပ်ချုပ်ရေးမှူး အယောက် ၁၄၀ သေဆုံးပြီး ၈၈ ယောက် ဒဏ်ရာရ၊ ရာအိမ်မှူး ၅၂ ယောက် သေဆုံးပြီး ၅၅ ယောက် ဒဏ်ရာရ၊ စာရေး ၆ ယောက် သေဆုံးပြီး ၅ ယောက် ဒဏ်ရာရခဲ့တယ်လို့ စစ်ကောင်စီက ဖော်ပြထားပါတယ်။