ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်မှာ စက်တင်ဘာ ၂၅ ရက် မနေ့ နေ့လယ်ပိုင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ)ပါတီရဲ့ ရပ်ကျေး ဥက္ကဋ္ဌတယောက်ကို စစ်ကောင်စီ တပ်ဖွဲ့က လာရောက်ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
ဆားမှော်ကျေးရွာက အန်အယ်လ်ဒီ ပါတီဥက္ကဋ္ဌ ဦးအောင်ဌေးဦးကို PDF ကူညီထောက်ပံ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ယောက် ထက်မနည်းက လာရောက်ဖမ်းဆီးခေါ်ဆောင်သွားတာလို့ ဒေသခံတွေက ပြောပါတယ်။
"နေ့လယ် ၂ နာရီခွဲလောက်မှာ လာဖမ်းသွားတာ။ PDF ထောက်ပံ့တယ်။ ဖောက်ခွဲရေးကိစ္စတွေမှာလည်း ပတ်သက်မှုရှိတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ အထက်အမိန့်ဆိုပြီး လာဖမ်းသွားတယ် မိုးကောင်းရဲစခန်းကို ဖမ်းသွားတယ်လို့တော့ သိထားရတယ်'' လို့ ဦးအောင်ဌေးဦးနဲ့ နီးစပ်သူ တယောက်ကပြောပါတယ်။
မိုးကောင်းမြို့နယ်က အန်အယ်လ်ဒီအလုပ်အမှုဆောင် ဦးကျော်ထက်ဝင်း၊ ရပ်ကျေးဥက္ကဋ္ဌတွေဖြစ်တဲ့ ဦးညီညီဝင်နဲ့ ဦးဝင်းဦး တို့အပါအဝင် အန်အယ်လ်ဒီပါတီဝင် ၁၀ ယောက် ထက်မနည်းဟာ စစ်အာဏာသိမ်းအပြီး နောက်ပိုင်းမှာ ဖမ်းဆီးခံထားရပါတယ်။
ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့၊ ဆားမလောက်ကျေးရွာအုပ်စုက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီရပ်ကျေးဥက္ကဋ္ဌတဦးကို စစ်ကောင်စီတပ်သားတွေက ဖေဖော်ဝါရီ ၁၇ ရက်နေ့ညပိုင်းက သေနတ်နဲ့ပစ်ခတ်ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
ညောင်ပင်သာကျေးရွာက ရပ်ကျေးဥက္ကဋ္ဌ ကိုအောင်နိုင်ဦးကို စစ်ကောင်စီတပ်သား ၃၀ လောက်က ည ၁၁ နာရီလောက် ရွာကိုလာပြီး သေနတ်နဲ့ပစ်ခတ်ဖမ်းဆီးသွားတာလို့ ဒေသခံတွေက ပြောပါတယ်။
“လာတဲ့အင်အားက ၃၀ လောက်ရှိမယ်၊ လူခြေတိတ်ချိန်မှ ဝင်လာတာ။ စစ်တပ်သတင်းပေး ကျော်ဆွေဦးက လိုက်ပြီးပြတာ သေနတ်သံတွေကြားလိုက်တယ်၊ ပြီးတော့ ရွာထဲကိုလည်း ထွက်မကြည့်ဖို့ ခြိမ်းခြောက်သွားတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေ သေနတ်နဲ့ပစ်ခတ်မှုကြောင့် ကိုအောင်နိုင်ဦး ကျောဘတ်ကိုထိမှန်ခဲ့ပြီး မအူပင်ဆေးရုံမှာ ဆေးကုသမှုခံယူနေရတယ်လို့ ဆိုပါတယ်။
စစ်တပ်ရဲ့ ပစ်ခတ်ဖမ်းဆီးတာကိုခံခဲ့ရတဲ့ ကိုအောင်နိုင်ဦးဟာ ဆားမလောက်ကျေးရွာရှိ မွန်မြတ်စေတနာ ပရဟိတအသင်းမှာ စေတနာဝန်ထမ်းအဖြစ် ပြည်သူတွေကို ကူညီပေးနေသူတဦးလည်း ဖြစ်တယ်လို့ သိရပါတယ်။