close

ရပ်ကွက်

close

April 22, 2023

စစ်တွေမြို့ ရပ်ကွက်အချို့၌ ရေအခက်အခဲကြုံတွေ့နေရ

ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ရပ်ကွက်အချို့မှာ ရေအခက်အခဲ ကြုံတွေ့နေကြရတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။

ကန်တော်ကြီးရေဖြန်ဝေပေးမှု လက်ရှိ ရပ်တန့်နေပြီး ဗျိုင်းဖြူရွာမှ ပေးဝေသော ရေပေးဝေမှုမှာလည်း အချိန်မှန် မပေးတာကြောင့် ရေအခက်အခဲ ကြုံတွေ့နေကြရတယ်လို့ စစ်တွေဆင်ကူးလမ်းဒေသခံတဦးက ပြောပါတယ်။

"ရေရှားမူဒဏ်ကို များစွာခံနေကြရတယ်။ ကန်တော်ကြီး ရေမလာတာ အချိန်များစွာ ကြာပါပြီ။ ဗျိုင်းဖြူရွာက ပေးတဲ့ရေကလည်း ရက်တစ်ပတ်မှာ သုံးရက်သာ ရေပေးပါတယ်။ ရေပေးတဲ့ အခါမှာလည်း နေ့လယ် ၂ နာရီခွဲကနေ ၅ နာရီအထိသာ ပေးပါတယ်။ အကွက် ၁၊ အကွက် ၂ တောက်လျှောက်ဒုက္ခရောက်နေကြတာပါ။"

ဗျိုင်းဖြူရွာမှ ပေးဝေသော ရေဟာလည်း ရေပိုက်တွေ ပေါက်ပြဲနေတာကြောင့် ရေမြောင်း ပုပ်န့်တွေ နံနေပြီး သန့်ရှင်းမှု မရှိတာကြောင့် ကျောက်ချဉ်နဲ့ ရေကို သန့်စင် သုံးစွဲနေကြရတယ်လို့   စစ်တွေဆင်ကူးလမ်းရပ်ကွက်အကွက်  ၂ မှ အမျိုးသမီးကြီးတဦးက ပြောပါတယ်။

အခုလို ရေပိုင်ပေါက်ပြဲနေတာနဲ့ပတ်သက်လို့ စည်ပင်အဖွဲ့ထံ တင်ပြတောင်းဆိုခဲ့ပေမဲ့ လုပ်ပေးမယ်လို့ဆိုပြီး အခုထိ လာရောက် မလုပ်ပေးသေးဘူးလို့ စစ်တွေဒေသခံတဦးက ပြောပါတယ်။

စစ်တွေမြို့မှာ ၁ ရက်ကို ရေဂါလန် ၁ ဒသမ ၉ သန်း လိုအပ်နေပြီး မြေအောက်ရေတူးဖော်မှုမှ ကန်တော်ကြီးရေကန်သို့  ၁ ဒသမ ၃ သန်း ပေးဝေနေပြီး အပြည့်အဝ မပေးနိုင်သေးဘူးလို့  ပြည်နယ်စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက လူမှုကွန်ရက်စာ မျက်နှာမှာ ဧပြီ ၁၈ ရက်က ရေးသားထားပေမဲ့ မြေပြင်အခြေအနေနဲ့ နှိုင်းယှဉ်လျှင် မဖြစ်နိုင်ဘူးလို့ စစ်တွေဒေသခံတွေက မှတ်ချက်ပြုပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ အခုနှစ် ဒုတိယအကြိမ် ရခိုင်ပြည်ခရီးစဉ် အတွင်း စစ်တွေမှာ ရေရှားပါးမှု မဖြစ်ပေါ်စေရေး၊ ကန်တော်ကြီးရေ မပြတ်လတ်စေရေးကိစ္စနဲ့ ပတ်သက်ပြီး ဆောင်ရွက်သွားမယ်လို့ ပြောဆိုခဲ့ပြီးနောက် မြေအောက်ရေတူးဖော်ပြီး လုပ်ဆောင်နေကြတာပါ။

လက်ရှိအချိန်အထိ  မြေအောက်ရေ တူးဖော်မှုမှာလည်း သင်္ဂနက်ကျေးရွာအနီးက နေရာတခုမှာသာ အောင်မြင်သေးပြီး ကန်တော်ကြီးအနီးအနားနဲ့ ဂေါက်ကွင်း ဧရိယာမှာ တူးစက်ကြီးတွေနဲ့ ဆက်လက် တူးဖော်နေဆဲဖြစ်ပါတယ်။

စစ်တွေမြို့မှာ ရပ်ကွက် ၃၅ ခု အနက် ဆင်ကူးလမ်းရပ်ကွက်၊ ဓညဝတီရပ်ကွက်၊ အုန်းတပင်၊ ရွာသာယာ၊စက်ရုံစုစသည့် ရပ်ကွက် ၁၀ ရပ်ကွက်မှာ အဝီစိတွင်းတွေ တူးမရတာကြောင့် အစိုးရ ရေအပေါ်မှီခိုနေကြရပြီး အိမ်ထောင်စု ၃၀၀ ကျော် လူဦးရေ ၂ သောင်းကျော်ခန့် ရေ အခက်တွေ့နေတာပါ။

15 mins Ago

March 13, 2023

မြိတ်မြို့ ရပ်ကွက်တချို့တွင် ပုလောစစ်ရှောင်များစာရင်း လိုက်လံကောက်ခံနေ

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်ရှိ ရပ်ကွက်တချို့မှာ ပုလောစစ်ရှောင်တွေရဲ့စာရင်း အချက်အလက်တွေကို စစ်ကောင်စီလက်အောက်ခံ ရာအိမ်မှူးတွေက လိုက်လံကောက်ယူစစ်ဆေးနေတယ်လို့ ဒေသခံတွေ ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတွေက မြိတ်မြို့နယ် ရပ်ကွက်တွေမှာ ရာအိမ်မှူးတွေက ပုလောမြို့နယ်က ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ရှောင်ပြည်သူတွေရဲ့ စာရင်းအချက်အလက်တွေကို လိုက်လံကောက်ယူနေတာလို့ ဒေသခံတဦးက ပြောပါတယ်။

"အများအားဖြင့်တော့ မြို့သစ်ရပ်ကွက်ဘက်တဝိုက်မှာ စာရင်းလာကောက်ယူသွားတာပါ။ သူတို့ကတော့ အိမ်တွေမှာ ပုလောစစ်ရှောင်တွေ ရှိမရှိ‌ လာမေးတယ်၊ ရှိရင် စစ်ရှောင်တွေရဲ့ အချက်အလက်တွေ ယူသွားတယ်။" 

စာရင်းလာကောက်ယူတဲ့အခါမှာ စစ်ရှောင်နေသူတွေရဲ့ နာမည်၊ အသက်နဲ့ အိမ်ထောင်စု စာရင်းတွေအပြင် ယခင်နေရပ်လိပ်စာတွေကို တောင်းယူသွားတယ်လို့ ဆိုပါတယ်။

ပုလောင်စစ်ရှောင်ပြည်သူတဦးက "ဒီလိုစာရင်းလာကောက်တော့ အားလုံးကတော့ ကြောက်နေရတာပေါ့။ ပြန်ဖို့အိမ်တွေကလည်း မရှိတော့ဘူးလေ။ ဒီတိုင်း အမျိုးတွေဆီမှာ လာနေနေရတယ်ဆိုပေမယ့် ညဘက်ချိန်တွေ ဧည်စာရင်းစစ်ပြီး လာ‌ဖမ်းမှာကိုလည်း ကြောက်နေရလို့ အိပ်တောင်မပျော်ဘူး။ နေစရာအိမ်ရှိနေရင်တော့ ပြန်နေကြမှာပါ" လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းကလည်း မြိတ်မြို့မှာ လာရောက်ခိုလှုံတဲ့ ပုလောစစ်ရှောင်ပြည်သူတွေကို စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးခေါ်ဆောင်သွားတာမျိုး ရှိခဲ့တယ်လို့ သိရပါတယ်။

ပုလောမြို့နယ်မှာ ပြီးခဲ့တဲ့လတုန်းက တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးတော့ နေအိမ်ပေါင်း ၃ဝဝ ကျော် မီးရှို့ဖျက်ဆီးခံရကာ ဒေသခံပြည်သူ အများအပြား ထွက်ပြေးတိမ်း‌ရှောင်နေကြရတာလို့ သိရပါတယ်။

1 month Ago
Up