ရှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင် ရပ်စောက်မြို့နယ် နောင်ဝိုးကျေးရွာအုပ်စုထဲမှာ ဒီကနေ့မနက်စောစောက မိုးသက်လေပြင်းနဲ့မိုးသီးတွေ ကြွေကျပြီး အိမ်ခြေ ၁၀၀ ကျော်နဲ့ သီးပင်စားပင်တွေ အတော်များများ ပျက်စီးသွားခဲ့ပါတယ်။
ဒီကနေ့ မနက် ၂ နာရီ ၄၅ မိနစ်ကနေ ၃ နာရီခွဲထိ မိုးသက်လေပြင်းနဲ့ မိုးသီးတွေ ကြွေကျတာဖြစ်ပြီး အိမ်ခြေ ၃၀၀ ကျော်ရှိတဲ့ သူတို့ရွာမှာ အိမ်ခေါင်မိုးတွေ အတော်များများ ပျက်စီးသွားတာလို့ နောင်ဝိုးရွာသူကြီး ဦးစိုင်းဆောက ဒီဗွီဘီကို ပြောပါတယ်။
“ဒီကနေ့မနက်အစောကြီး မိုးမလင်းခင်မှာ လေတွေအရင်တိုက်လာတယ်၊ ပြီးတော့ မိုးသီးတွေကြွေတယ်၊ ပြီးတော့မှမိုးတွေရွာလာတယ်။ မိုးသီးတွေက အခုထိ (မနက် ၁၀ နာရီကျော်) ရှိနေတုန်းပဲ။ အပျက်အစီးက တော်တော်များပါတယ်။ အများအားဖြင့် အိမ်ခေါင်မိုးတွေပေါက်ကုန်တာ၊ လေနဲ့အတူလွင့်သွားတယ်။ ကျနော်တို့နောင်ဝိုးရွာထဲမှာ ရပ်ကွက် ၃ ခုရှိတယ်၊ အိမ်ခြေပေါင်း ၃၀၀ ကျော်တယ်ဆိုတော့ ပျက်စီးတာ ရာနဲ့ချီပါတယ်။ စာရင်းအတိအကျမရသေးဘူး၊ အခုစာရင်းကောက်နေတုန်းပါပဲ။ သီးနှံတွေလည်း ပျက်စီးတယ်။ သရက်သီးတွေ ၊ ငှက်ပျောသီးတွေ ဘာမှစားလို့မရတော့ဘူး၊ အကုန် လုံးကြွေကျပျက်စီးကုန်ပြီ၊ ဟင်းသီးဟင်းရွက်ပင်တွေလည်း ပါတာပေါ့။”
နောင်ဝိုးရွာအပြင် နောင်ဝိုးအုပ်စုထဲမှာရှိတဲ့ နားကတ်၊ ငဲ့စင် စတဲ့ရွာတွေလည်း လေပြင်းမိ တယ်ကြားပေမယ့် အပျက်အစီးမသိရကြောင်း၊ အဆိုပါလေပြင်းနဲ့ မိုးသီးမိုးပေါက်တွေဟာ မနက် ၁၀ နာရီလောက်မှာတော့ မိုင်းကိုင်မြို့နယ် ဖတ်ခဲမ်း နဲ့ ပန်ပေါ်ကျေးရွာတွေဘက် ရောက်သွားပြီလို့ သူကြီးက ပြောသွားပါတယ်။
နောင်ဝိုးရွာဟာ ရပ်စောက်နဲ့ အင်တောမြို့နယ်ခွဲကြားမှာရှိတဲ့ ရွာကြီးတရွာ ဖြစ်ပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်အတွင်းက ဇော်ဂျီချောင်းနဲ့ တံတားမိုးချောင်းတို့ အခုရက်ပိုင်းရေကြီးရေလျှံနေတာကြောင့် သြဂုတ် ၈ ရက်နေ့က ဥက္ကံတားရပ်ကွက်နဲ့ ဇော်ဂျီရပ် ကွက်ရှိ လူနေအိမ်တွေကို ရေဝင်ရောက်နေတယ်လို့ သိရပါတယ်။
ချောင်းရေလျံမှုကြောင့် လူနေအိမ်တွေ ဘယ်လောက် ထိခိုက်ပျက်စီးသွားတယ်ဆိုတာကိုတော့ မသိရသေးပါဘူး။
ရှမ်းပြည်နယ်၊ တာချီလိတ်မြို့မှာ ဩဂုတ် ၈ ရက် မွန်းလွဲ ၁ နာရီ လောက်က မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေစီးဆင်းတာကြောင့် ဆန်ဆိုင်း(ခ)ရပ်ကွက်နဲ့ မယ်ခေါင်ရပ်ကွက်တွေမှာ ကားလမ်းတွေပေါ် ရေကြီး ရေလျှံမှုဖြစ်ပွားခဲ့ပါတယ်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မန်တုံမြို့နယ်၊ မြို့မရပ်ကွက်မှာလည်း မနေ့မွန်းလွဲ ၁ နာရီလောက်က နမ့်ကုန်ချောင်းရေမြင့်တက်ပြီး မြို့မရပ်ကွက်ရှိ အိမ်ခြေ ၅၀ လောက် ရေဝင်ရောက်လို့ ဒေသခံတွေကို ကယ်ဆယ်ရေးအဖွဲ့က ဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးခဲ့ရပါတယ်။
ရှမ်းပြည်နယ်၊ ရပ်စောက်မြို့မှာလည်း မနေ့က ဇော်ဂျီရပ်ကွက်နဲ့ ဥတ္တံတားရပ်ကွက်တို့မှာ ဇော်ဂျီချောင်းနဲ့ တံတားမိုးချောင်းရေလျှံလို့ နေအိမ်တွေထဲ ရေများဝင်ရောက်တဲ့ ပြည်သူတွေကို ဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးခဲ့ရတယ်လို့ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ထားပါတယ်။
Photo-MFSD