close

ရသေ့တောင်

close

April 24, 2023

ရသေ့တောင်တွင် လက်နက်နှင့်ထွက်ပြေးသည့် အေအေတပ်ဖွဲ့ဝင် ၂ ဦးကို ပစ်ခတ်ဖမ်းဆီး

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့မှာ ရက္ခိုင့်တပ်တော် (အေအေ) တပ်ဖွဲ့ဝင် ၂ ဦး လက်နက်နဲ့အတူ ထွက်ပြေးစဉ် ရက္ခိုင့်တပ်တော်က အင်အားအလုံးအရင်းနဲ့ ပြန်လည်လိုက်ဖမ်းရာမှာ အပြန်အလှန်ပစ်ခတ်မှုတွေ ရှိခဲ့တယ်လို့ ရသေ့တောင်မြို့ခံတွေက ပြောပါတယ်။

အေအေတပ်ဖွဲ့ဝင် ၂ ဦးဟာ လက်နက်တွေနဲ့အတူ ဧပြီ ၂၃ ရက်မှာ ရသေ့တောင်မြို့ပေါ်ကို ထွက်ပြေးလာတာဖြစ်ပြီး ၂၄ ရက် မနက်ပိုင်းမှာ အေအေတပ်ဖွဲ့ဝင်တွေက အင်အားအလုံးအရင်းနဲ့ ပြန်လည်ဖမ်းဆီးခဲ့တာလို့ ရသေ့တောင်မြို့ခံတဦးက ပြောပါတယ်။

“သူတို့ကို ALP က အရာရှိတဦးက စည်းရုံးပြီး ခေါ်လာတာလို့ သိရတယ်။ သူတို့ ရသေ့တောင်ဆေးရုံ ဝန်ထမ်းအိမ်ရာမှာ ပုန်းခိုနေကြတာ။ အဲဒီကို အေအေတပ်ဖွဲ့ဝင်တွေက အင်အား ၁၀၀ နဲ့ဝိုင်းပြီးတော့ ဖမ်းဆီးဖို့လုပ်ရာမှာ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားကြတာ။ စပြီးပစ်ခတ်ကြတာကတော့ မနက် ၅ နာရီခွဲလောက်မှာ ပစ်ခတ်ကြတာ။ သေနတ်သံကတော့ ၁၀ ချက်နဲ့ အထက်လောက်ကြားလိုက်ရတယ်။ နောက် ဗုံးပေါက်ကွဲသလိုမျိုး ပေါက်ကွဲသံ ၂ ချက် ကြားလိုက်ရတယ်။ သူတို့ကို အခု မနက် ၈ နာရီကျော်လောက်မှာ အေအေ ဖမ်းဆီးသွားပြီလို့ သိရတယ်။”

အေအေတပ်ဖွဲ့ဝင်တွေကို စည်းရုံးခေါ်ဆောင်ခဲ့တဲ့ ALP က အရာရှိဟာ အေအေက ဖမ်းဆီးထောင်ချထားရာကနေ အခုနှစ် နှစ်သစ်ကူးမှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွှတ်ပေးလိုက်တာဖြစ်တယ်လို့ သိရပါတယ်။

အေအေတပ်ဖွဲ့က ပစ်ခတ်ဖမ်းဆီးမှု ပြုလုပ်ရာမှာ ရပ်ကွက်အနီးရှိ ဒေသခံတွေကို ယာယီဖယ်ပြီးမှ ပစ်ခတ်ဖမ်းဆီးခဲ့ကြတာဖြစ်ပြီး အရပ်သားထိခိုက်မှုမရှိဘူးလို့ မြို့ခံတွေက ပြောပါတယ်။

အခုလို ပစ်ခတ်ဖမ်းဆီးမှုနဲ့ပတ်သက်ပြီး အသေးစိတ်သိရဖို့ အေအေရဲ့ ပြောရေးဆိုခွင့်ရှိသူကို ဆက်သွယ်နေဆဲ ဖြစ်ပါတယ်။

36 seconds Ago

March 3, 2023

ရသေ့တောင်တွင် မီးလောင်ပြီး နေအိမ် ၄ လုံး ဆုံးရှုံး

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့၊ အရှေ့မြောက်ရပ်ကွက်မှာ မတ် ၃ ရက် မနက်ပိုင်းက မီးလောင်မှုဖြစ်ပွားပြီး နေအိမ် ၄ လုံး ပျက်ဆီးဆုံးရှုံးသွားခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

ရသေ့တောင်မြို့၊ အရှေ့ရပ်ကွက်ရှိ ဦးကျော်ဝင်းမောင်ရဲ့အိမ်မှာ ခြင်ဆေးခွေထွန်းထားရာက အိမ်ရဲ့ဝါးထရံကို ကူးစက်ပြီး လောင်ကျွမ်းမှုဖြစ်ခဲ့တာလို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။

“မီးလောင်တာကတော့ မနက် ၂ နာရီကျော်လောက်မှာ မီးလောင်မှုဖြစ်တာ။ ခြင်ဆေးခွေ ထွန်းညှိ့ထားတာက အိမ်နံရံကိုကူးစက်ပြီး လောင်ခဲ့တာဖြစ်တယ်။ အိမ်ကတော့ ၄ လုံး လောင်ကျွမ်းသွားတယ်။ အိမ်တွေက ပူးကပ်ပြီး ဆောက်လုပ်ထားတာဆိုတော့ တအိမ်လောင်တာနဲ့ နောက်တအိမ်ကူးဖို့က အရမ်းလွယ်တော့ ကူးစက်သွားတာဖြစ်တယ်။ လူတွေ ထိခိုက်သွားတာတော့ မရှိဘူး။ မနက် ၃ နာရီ ၁၀ မိနစ်လောက်မှာ မီးအားလုံးငြိမ်းသွားတယ်။ အခုတော့ အဲဒီ မီးလောင်သွားတဲ့အိမ်တွေက လူတွေ မိသားစုအိမ်တွေမှာ ခိုလှုံနေကြတယ်။”

မီးလောင်သွားတဲ့ အိမ်တွေကတော့ ဦးကျော်ဝင်းမောင်၊ ဦးမောင်သိန်းရွှေ၊ ဦးသိန်းရွှေမောင်နဲ့ ဦးမောင်ရွှေသိန်းတို့ နေအိမ်တွေ ဖြစ်ကြပါတယ်။

မတ် ၂ ရက်ကလည်း မြောက်ဦးမြို့နယ် အောက်သကန်ကျေးရွာမှာ နေအိမ်တလုံး မီးလောင်ဆုံးရှုံးခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ ၂၀၂၃ ခုနှစ်အတွင်း မီးလောင်မှုဖြစ်ပွားပြီး‌ ပုဏ္ဏားကျွန်းမြို့က ရဟန်း၊ ကျောက်တော်မြို့နယ်က အမျိုးသားတဦးနဲ့ မြောက်ဦးမြို့နယ်က အဘွားအိုတဦး သေဆုံးတာတွေ ရှိခဲ့ပါတယ်။

နွေရာသီရောက်လာပြီဖြစ်တာကြောင့် မီးသတ်ဦးစီးဌာနအနေနဲ့ ပြည်သူတွေကို မီးသတိပေးတာတွေ အဆက်မပြတ် ပြုလုပ်ပေးသင့်တယ်လို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။

ဓာတ်ပုံ- Rakhine Fire Force

2 months Ago
Up