close

ရဟတ်ယာဉ်သုံးပစ်ခတ်

close

August 26, 2022

ကျွန်းလှမြို့နယ်ရှိ ကျေးရွာအချို့ကို စစ်တပ်က ရဟတ်ယာဉ်ဖြင့်ပစ်ခတ်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ သဖန်းဆိပ်ဆည်အနောက်ခြမ်းက ကျေးရွာတချို့ကို ဩဂုတ် ၂၅ ရက် ညနေ ၄ နာရီဝန်းကျင်က စစ်ကောင်စီတပ်က လေကြောင်းကနေ ရဟတ်ယာဉ်နဲ့ လာရောက် ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

သဖန်းဆိပ်ကျေးရွာ အနောက်ခြမ်းက ဆိပ်ဖူး၊ ရှမ်းကုန်း၊ သိုက်ပင်ဆိပ်နဲ့ တယ်ပင်ဆိပ်အနီးမှာ Mi 35 တိုက်ခိုက်ရေးရဟတ်ယာဉ် ၁ စင်းနဲ့ လာရောက်ပစ်ခတ်ခဲ့သလို Mi 17 ထောက်ပို့ရဟတ်ယာဉ် ၂ စင်းနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လာချသွားတယ်လို့ ဆိုပါတယ်။

“ရွာတွေဘက်ကို ရဟတ်ယာဉ်နဲ့ အကြောင်းမဲ့လာပစ်တာဗျ။ နောက်ပြီး ခေါက်တုံ့ခေါက်ပြန်နဲ့ ရဟတ်ယာဉ်နဲ့သယ်ပြီး စစ်တပ်က လူလာချတယ်။ အခု တယ်ပင်ဆိပ်ရွာထဲမှာ သူတို့ တပ်စွဲထားတာ၊ ရွာကလူတွေလည်း အကုန်ပြေးရတယ်။ ပိတ်မိတဲ့လူတွေလည်း ရှိနေတယ်။”

တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ လာရောက်ပစ်ခတ်စဉ် မြေပြင်ကထွက်ပြေးကြတဲ့ ကျေးရွာနေ ပြည်သူတွေကို စစ်ကောင်စီတပ်ဖွဲ့က လိုက်လံပစ်ခတ်ရာ တယ်ပင်ဆိပ်ကျေးရွာက ကျေးရွာသားတယောက် ကျည်ထိမှန်သေဆုံးခဲ့ပြီး နှစ်ယောက် ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

လက်ရှိမှာ ကန့်ဘလူခရိုင်အတွင်း စစ်ကောင်စီတပ်ဖွဲ့က လက်နက်နဲ့ လူအင်အားကို လေကြောင်းကနေ ရဟတ်ယာဉ်နဲ့ ဖြည့်တင်းနေတာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

ဩဂုတ် ၂၃ ရက်ကလည်း ကန့်ဘလူနဲ့ ကျွန်းလှမြို့နယ်အစပ်မှာ တိုက်ခိုက်ရေးရဟတ်ယာဉ် Mi 35 ၂ စင်း အပါအဝင် Yak 130 အမျိုးအစား ဂျက်တိုက်လေယာဉ် ၁ စင်းနဲ့ လာရောက်ပစ်ခတ်တာတွေလည်း ရှိခဲ့ပါတယ်။

2 mins Ago

August 5, 2022

ဒီပဲယင်းမြို့နယ် ကျေးရွာများကို စစ်တပ်က ရဟတ်ယာဉ်သုံးပစ်ခတ်၊ ဒေသခံအချို့ ဖမ်းဆီးခံရ

စစ်ကောင်စီတပ်ဟာ ဒီပဲယင်းမြို့နယ်၊ အင်ပင်-ယဒင်နဲ့ ကိုင်းကံကျေးရွာ အနီးဝန်းကျင်ကို ဩဂုတ် ၄ ရက်နေ့က ဝေဟင်ပစ်ခတ်မှု နှစ်ကြိမ် ပြုလုပ်တိုက်ခိုက်ပြီး ဒေသခံတွေကို ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

ဘုရားထွက်ကျေးရွာရောက်ရှိနေတဲ့ စစ်ကောင်စီတပ်ဟာ အင်ပင်-ယဒင်ကျေးရွာနားကို ဩဂုတ် ၄ ရက်နေ့က ထောက်ပို့ယာဥ်နဲ့ရောက်ရှိလာပြီး အင်ပင်-ယဒင်နဲ့ ကိုင်းကံကျေးရွာအနီးဝန်းကျင်ကို ရဟတ်ယာဉ်နဲ့ပစ်ခတ်တာ၊ ကျေးရွာကို မီးရှို့တာ၊ ဒေသခံတွေကို ဖမ်းဆီးတာတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတဦးက ပြောတယ်။

“အခြေအနေကတော့ သြဂုတ် ၄ ရက်က ပစ်တာ။ ကောင်မလေး ၂ ယောက် ထိတယ်လို့တော့ ကြားတယ်။ တယောက်က လက်မောင်းကို မှန်တာ။ တယောက်က ဗိုက်ကို မှန်တယ်လို့ ကြားတယ်ဗျ။ နောက်ပြီးတော့ ဓားစာခံခေါ်မှာလား၊ အထုပ်အပိုးတွေ ထမ်းခိုင်းတာတဲ့။ ယောက်ျားသားတွေ အများကြီးပါသွားတယ်။ မိန်းကလေးတွေတော့ လွှတ်ထားခဲ့တယ်။ တယောက်ကိုတော့ ဖမ်းသွားတယ်။ လျှော်ဖြူရွာက တယောက် အသတ်ခံရတယ်။ အဲဒီလို ကြားတယ်ဗျ။”

ဝေဟင်ပစ်ခတ်မှုကြောင့်  ပြည်သူနှစ်ဦး သေဆုံးတယ်လို့ သိရပြီး အတည်ပြုနိုင်ဖို့ ကြိုးစားနေပါတယ်လို့ ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့ဝင်တဦးက ပြောပါတယ်။

ဒေသခံတဦးက “လမ်းက မူးလမ်းပဲ ရှိတာ။ ကျန်တဲ့လမ်းတွေက လမ်းမကောင်းဘူး။ မိုးတွေရွာထားတော့ အဲဒီလမ်းပေါ်မှာ ချတဲ့အခါကျတော့ ပြေးစရာလမ်းမရှိတော့ ဆိုင်ကယ်တွေ ထားပြီးတော့ လူလွတ်ပြေးကြရတာပေါ့။ ပြေးနေရင်းနဲ့ ပစ်နေတဲ့အခါကျတော့ လယ်ကံသင်းလေးတွေ ဝပ်ကြပေါ့။ တခါ ထပ်ပြေး၊ မပြေးလို့လည်း မလွတ်ဘူး။ စစ်ကောင်စီတပ်သားတွေက ချနေတဲ့အခါကျတော့ ဒါတောင်မှ ပိတ်မိတဲ့ဟာတွေရော ဖမ်းသွားတဲ့ ဟာတွေရော ဖမ်းမိတဲ့ ယောက်ျားလေးတွေတော့ ပြန်မလွှတ်ဘူး။ အထုပ်တွေ ဘာတွေ ထမ်းခိုင်းတယ်လို့ ကြားနေရတယ်ဗျ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ သြဂုတ် ၃ ရက်နေ့မှာ ဘုရားထွက်ကျေးရွာကို ဝင်ရောက်မီးရှို့ ဖျက်ဆီးခဲ့တာကြောင့် နေအိမ်တလုံး မီးလောင်ဆုံးရှုံးခဲ့ပြီး ပြည်သူ့ဆိုင်ကယ် သုံးစီး မီးရှို့ ဖျက်ဆီးခံခဲ့ရကာ ကားတစီးကိုလည်း ရိုက်နှက်ဖျက်ဆီးသွားခဲ့တယ်လို့ သိရပါတယ်။

ဘုရားထွက်ကျေးရွာ အဖမ်းခံရတဲ့ ပြည်သူတွေထဲက တဦးကို ဖမ်းဆီးခေါ်ဆောင်သွားတာ မြင်တွေ့ရပြီး ၄ ဦး ပျောက်ဆုံးနေကာ ကျန်ပြည်သူတွေကတော့ ပြန်လွတ်မြောက်ခဲ့တယ်လို့ ဒေသမီဒီယာတစ်ခုရဲ့ ဖော်ပြချက်အရ သိရပါတယ်။

စစ်အာဏာသိမ်းပြီး‌နောက်မှာ ဒီပဲယင်းမြို့နယ်ကို လေကြောင်းတိုက်ခိုက်မှု ၉ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ပြီး ဒေသခံတချို့ အသက်ဆုံးရှုံးခဲ့ရတယ်လို့ ဒေသမီဒီယာအချို့မှာ ဖော်ပြထားပါတယ်။

3 weeks Ago
Up