close

ရဟတ်ယာဉ်အမှု

close

December 26, 2022

နိုင်ငံ့ခေါင်းဆောင်များကို စစ်ကောင်စီက စွဲဆိုထားသည့် ရဟတ်ယာဉ်အမှု အမိန့်ချမည်

ရဟတ်ယာဉ်အမှုတွေအတွက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို ဒီဇင်ဘာ ၂၆ ရက်က နေပြည်တော် အချုပ်ထောင်ရှိ အထူးသီးသန့်တရားရုံးမှာ ရုံးထုတ် စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်သူတဦးက ပြောပါတယ်။

“ရဟတ်ယာဉ်  ၅ မှုလုံးအတွက် ဒီနေ့ရုံးချိန်းမှာ နှစ်ဖက်လုံးက အပြီးသတ် လျှောက်လဲချက် ပေးတယ်၊ ၃၀ ရက်နေ့မှာ အမိန့်ချဖို့ တရားရုံးက ပြန်ချိန်းတယ်။”

ပြည်သူတွေသဘာဝဘေးအန္တရာယ်ကြုံတဲ့အခါအသုံးပြုဖို့ ရဟတ်ယာဉ်တစီး ဝယ်တာ၊ ငှားရမ်းတာ၊ သက်တမ်းတိုးတာ၊ ပြုပြင်ထိန်းသိမ်းတာတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီက နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေါက်တာဝင်းမြတ်အေးတို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ နဲ့ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

ဒီရဟတ်ယာဉ်ဝယ်ယူတာ၊ ငှားရမ်းတာ၊ ပြုပြင်ထိန်းသိမ်းတာတွေနဲ့ ပတ်သက်လို့ အာဏာသိမ်းစစ်ကောင်စီက အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မတွေနဲ့ စွပ်စွဲတရားစွဲဆိုထားပေမဲ့ စွပ်စွဲခံရသူတွေဖြစ်တဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သက်သေ ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူတို့ကပါ  လုပ်ထုံးလုပ်နည်းတွေနဲ့ အညီပဲ ဆောင်ရွက်ဖို့ ညွှန်ကြားခဲ့တယ်လို့ ထွက်ဆိုထားပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ စစ်ကောင်စီက စွဲဆိုထားတဲ့ အမှုတွေထဲက ထောင်ဒဏ်ချမှတ်ခံထားရတာ စုစုပေါင်း ၂၆ နှစ်ရှိပြီ ဖြစ်ပါတယ်။

8 mins Ago

December 20, 2022

ရဟတ်ယာဉ်အမှုအတွက် ပို့ဆက်ဝန်ကြီးဌာန ဂုဏ်ထူးဆောင်အကြံပေးပုဂ္ဂိုလ်ကို ဆက်လက်စစ်ဆေး

ရဟတ်ယာဉ်အမှုတွေအတွက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို ဒီဇင်ဘာ ၂၀ ရက် ဒီနေ့ နေပြည်တော်အချုပ်ထောင်ရှိ အထူးသီးသန့်တရားရုံးမှာ စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။

ရဟတ်ယာဉ်နဲ့ပတ်သက်တဲ့ အဂတိငါးမှုလုံးအတွက် စွဲချက်တင်အမိန့်ချကာ ပြန်ခေါ်သက်သေတွေနဲ့ စွပ်စွဲခံရသူတွေဖြစ်တဲ့ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို စစ်ဆေးပြီးဖြစ်လို့ တရားခံပြသက်သေတွေကို စစ်ဆေးနေတာဖြစ်ပါတယ်။

တရားရုံးနဲ့ နီးစပ်သူတဦးက “ဒီနေ့ ခံပြသက်သေအဖြစ် ပို့ဆက်ဝန်ကြီးဌာနရဲ့ ဂုဏ်ထူးဆောင် အကြံပေးပုဂ္ဂိုလ် ဦးလင်းထက်ကို စစ်တယ်။ သူ့ကို ရဟတ်ယာဉ်ဝယ်တာနဲ့ ပြုပြင်ထိန်းသိမ်းတဲ့ ပုဒ်မနှစ်ခုအတွက် စစ်တာ” လို့ ပြောပါတယ်။

အမှုနဲ့ပတ်သက်လို့ တရားလို၊ တရားလိုပြသက်သေ၊ စွပ်စွဲခံရသူတွေနဲ့ တရားခံပြ သက်သေတွေကို စစ်ဆေးပြီးဖြစ်လို့ နောက်ရုံးချိန်းမှာ အပြီးသတ်လျှောက်လဲချက် ပေးရမယ်လို့  အဆိုပါ တရားရုံးနဲ့ နီးစပ်သူက ပြောပါတယ်။

“နောက်ရုံးချိန်းမှာ အပြီးသတ်လျှောက်လဲချက်ပေးမယ်။ ရုံးချိန်းကို နှစ်ပတ်ခွာချိန်းဖို့ တောင်းဆိုတာ တပတ်ပဲပေးတယ်။”

ဒီရဟတ်ယာဉ်ဝယ်တာ၊ ငှားတာ၊ ပြုပြင်ထိန်းသိမ်းတာတွေဟာ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးအတွက်ဖြစ်ပြီး NLD အစိုးရလက်ထက်မှာ အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ တာဝန်ပါ ယူခဲ့တဲ့ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြီးခဲ့တဲ့ရုံးချိန်းမှာ စွဲဆိုထားတဲ့အမှုတွေနဲ့ပတ်သက်ပြီး လုပ်ထုံးလုပ်နည်းတွေ၊ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ဆောင်ရွက်ထားတယ်ဆိုတဲ့အကြောင်း ထွက်ဆိုထားပါတယ်။

၂၀၂၁ ခုနှစ်အတွင်းမှာ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်တာမှာ အသုံးပြုဖို့ ရဟတ်ယာဉ်တစီးဝယ်တာ၊ ငှားရမ်းတာ၊ သက်တမ်းတိုးတာ၊ ပြုပြင်ထိန်းသိမ်းတာတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီက နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေါက်တာဝင်းမြတ်အေးတို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅ နဲ့ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

ဒီရဟတ်ယာဉ်အမှုအတွက် စွပ်စွဲခံရသူတွေဘက်က တရားခံပြသက်သေတွေအနေနဲ့ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ အပါအဝင် အရင် ပို့ဆက်ဒုဝန်ကြီး ဦးကျော်မျိုး၊ ရဟတ်ယာဉ်ကုမ္ပဏီက မန်နေဂျင်းဒါရိုက်တာတဦး၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ တို့ကို စစ်ဆေးပြီး ဖြစ်ပါတယ်။

ဒီရဟတ်ယာဉ်ဝယ်ယူတာ၊ ငှားရမ်းတာ၊ ပြုပြင်ထိန်းသိမ်းတာတွေနဲ့ ပတ်သက်လို့ အာဏာသိမ်းစစ်ကောင်စီက အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မတွေနဲ့ စွပ်စွဲ တရားစွဲဆိုထားပေမဲ့ စွပ်စွဲခံရသူတွေဖြစ်တဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကတော့ လုပ်ထုံးလုပ်နည်းတွေနဲ့ အညီပဲ ဆောင်ရွက်ဖို့ ညွှန်ကြားခဲ့တယ်လို့ ထွက်ဆိုထားပါတယ်။

6 days Ago
Up