close

ရဟတ်ယာဉ် ၂ စီး

close

March 9, 2022

လေးကေ့ကော်ဒေသကို လာရောက်ပစ်ခတ်သည့် စစ်ကောင်စီ ရဟတ်ယာဉ် ၂ စီး ပစ်ခတ်ခံရ

ကေအန်ယူ၊ တပ်မဟာ ၆ ထိန်းချုပ်နယ်မြေ ကရင်ပြည်နယ်၊ လေးကေ့ကော်ဒေသ၊ ဖလူးလေးကျေးရွာမှာ မတ် ၉ ရက် ညနေပိုင်းလောက်က စစ်ကောင်စီတပ်က ရဟတ်ယာဉ် ၃ စီးနဲ့လာရောက်ပစ်ခတ်ခဲ့ရာမှာ ပြန်လည်ပစ်ခတ်ခံရလို့  ၂ စီး ထိမှန်ခဲ့တယ်လို့ သိရပါတယ်။

ဖလူးလေးကျေးရွာနဲ့ ရေတံခွန်အနီးက KNLA ပူးပေါင်းတပ်ဖွဲ့တွေကို စစ် ရဟတ်ယာဉ် ၃ စီးနဲ့ လာရောက်ပစ်ခတ်ခဲ့တဲ့အတွက်  DKBA နဲ့ KNLA တပ်ဖွဲ့တွေက လေယာဉ်ပစ်သေနတ်နဲ့ ပြန်လည်ပစ်ခတ်ခဲ့တာလို့  DKBA၊ ဖလူးလေးစခန်းတာဝန်ခံ ဗိုလ်မှူး စလုံးက  ပြောပါတယ်။

“ပထမက ၃ စီးလာတယ်။ ကျနော်တို့ ဖလူးလေးစခန်းမှာ ၁ စီးထိသွားတယ်။ အခုက ၂ စီးပဲကျန်တယ်။ ခဏ ခဏပတ်တော့ ၁ စီးပြန်ထိတယ်။ အခုက ၁ စီးပဲကျန်တော့တယ်။ နောက်ထပ်ဘယ်နှစီးရှိသေးလဲ မသိဘူး။ လေးကေ့ကော်နဲ့ ဖလူးလေးမှာ ၂ စီးထိသွားပြီ။”

 ရဟတ်ယာဉ် ၂ စီး ပစ်ခတ်ခံရတာကြောင့် ထိခိုက်ပျက်စီးမှု အခြေအနေကိုတော့ မသိရသေးပါဘူး။ 

မတ် ၇ ရက်က စစ်တိုင်းမှူးထံ ကေအန်ယူ တပ်မဟာ ၆ နယ်မြေ၊ ဒူးပလာယာခရိုင်၊ လေကေ့ကော်ဒေသနဲ့ ဒေါနအရှေ့ခြမ်း ကော့ကရိတ်ခရိုင်အတွင်း  ဝင်ရောက်တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေ ဒီနေ့နောက်ဆုံးထားပြီး  ၃ ရက်အတွင်း မဆုတ်ခွာပါက ဖြစ်လာမယ့်အကျိုးဆက်ပြဿနာတွေကို  KNU တပ်မဟာ ၆  ရဲ့ တာဝန်မဟုတ်ကြောင်းနဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့ တာဝန်သာဖြစ်ကြောင်း တပ်မဟာ ၆  ခရိုင်အတွင်းရေးမှူး စောလစ္စတန်က အသိပေးစာ ပေးပို့ခဲ့ပါတယ်။

အဆိုပါနေ့မှာ စစ်ကောင်စီက လက်နက်ကြီးပစ်ကူတွေနဲ့အတူ ရေတံခွန်နဲ့ ရသေ့ဂူအကြားမှာ KNLA ပူးပေါင်းတပ်တွေနဲ့ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်ခဲ့ရာ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးသေပြီး ၈ ဦး အရှင်ဖမ်းဆီးရမိခဲ့ပါတယ်။

KNLA ပူးပေါင်းတပ်ဖွဲ့ဘက်က ၁ ဦး သေဆုံးပြီး  ၁ ဦးထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ကေအန်ယူသတင်းရင်းမြစ်က ဆိုပါတယ်။

4 mins Ago
Up