close

ရဟတ်ယာဥ်

close

February 26, 2023

စစ်ကောင်စီတပ်ရိက္ခာပို့သည့် ရဟတ်ယာဥ် ၁ စီးကို ကရင်နီတပ်က ပစ်ခတ်

ထိုင်း-မြန်မာနယ်စပ် ကရင်နီ (ကယားပြည်နယ်) BP-12 အနီးက စစ်ကောင်စီတပ် စခန်းချ တပ်စွဲထားတဲ့ ဟွေခမောက်စခန်း (ပွိုင့်-၁၄၄၁) ကို ရိက္ခာပို့လာတဲ့ စစ်ရဟတ်ယာဥ်တစ်စင်း  ပစ်ခတ်ခဲ့တာကြောင့် နောက်ကြောင်းပြန်လှည့်သွားရတယ်လို့ ကရင်နီစစ်ဘက်ဆိုင်ရာဗဟို သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီ ၂၄ ရက် နေ့လယ် ၃ နာရီလောက်မှာ ဟွေခမောက်စခန်းအတွက် ရိက္ခာပို့ ပျံသန်းလာတဲ့ ရဟတ်ယာဥ်တစ်စင်းကို ကရင်နီတပ်မတော် အမှတ်(၁)တပ်ရင်းက မြေပြင်ကနေ ပစ်ခတ်ခဲ့ရာ ဆက်မသွားနိုင်တော့ဘဲ နောက်ကြောင်းပြန်လှည့်ခဲ့ရတယ်လို့ ဆိုပါတယ်။

အဆိုပါ ရဟတ်ယာဥ် ပြန်လှည့်သွားပြီးတော့ ညနေ ၄ နာရီကျော်လောက်မှာ စစ်ကောင်စီ ဂျက်လေယာဥ် ၂ စင်းနဲ့ ဟွေခမောက်တောင်ကုန်းဝန်းကျင်တဝိုက်ကို ပထမအကြိမ်ပတ်ခတ်ခဲ့ပြီး ညနေ ၄ နာရီ ခွဲမှာ စစ်ကောင်စီ ဂျက်လေယာဥ် ၂ စီးနဲ့ စုစုပေါင်း ၄ ကြိမ် လာရောက် ပစ်ခတ်ခဲ့ပြီး ကရင်နီ တပ်မတော်ဘက်က  ဒဏ်ရာရ၊ကျဆုံးမရှိဘူးလို့သိရပါတယ်။

ဖေဖော်ဝါရီ ၁ ရက်ကလည်း ဖားဆောင်းမြို့ အခြေစိုက် ခလရ(၁၃၅) ကို ရိက္ခာလာပို့တဲ့ စစ်ကောင်စီစစ်ကြောင်းကိုလည်း ကရင်နီတပ်မတော်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတွေ ဖြတ်တောက်တိုက်ခိုက်ခဲ့လို့ ယခုအကြိမ်မှာ ရဟတ်ယာဥ်နဲ့ ရိက္ခာပို့ဆောင်တာလို့ ကရင်နီဘက်က ပြောပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီတပ်တွေဟာ ရှမ်း-ကယားနယ်စပ် ရှမ်းပြည်နယ်တောင်ပိုင်း  မိုးဗြဲ၊ ဖယ်ခုံ စတဲ့နေရာတွေကို စစ်ကြောင်းထိုးဝင်ရောက်နေပါတယ်။

4 mins Ago

January 22, 2022

တီးတိန်မြို့နယ် ဟိန်ဇိန်ရွာနားကို စစ်ကောင်စီက ရဟတ်ယာဥ် ၂ စီးဖြင့် ပစ်ခတ်တိုက်ခိုက်

ချင်းပြည်နယ်၊ တီးတိန်မြို့နယ် ကလေး-တီးတိန်လမ်းမကြီးပေါ်ရှိ ဟိန်ဇိန်ကျေးရွာ အနီးတဝိုက်ကို ဇန်နဝါရီ ၂၂ ရက်နေ့ မနက် ၇ နာရီလောက်မှာ  စစ်ကောင်စီတပ်က စစ်ရဟတ်ယာဉ်နှစ်စီးအပါအဝင် အဝေးပစ်အမြောက်နဲ့  ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကလေးမြို့ကနေ ဟိန်ဇိန်ကျေးရွာအနီးတဝိုက်ကို အဝေးပစ်လက်နက်ကြီးတွေနဲ့ ၁၀ ကြိမ်မက ပစ်ခတ်ခဲ့ပြီး  ရဟတ်ယာဉ် နှစ်စီးနဲ့ နာရီဝက်လောက်အထိကြာအောင် ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

“အဝေးပစ် အမြောက်ပစ်တိုက် ကလေးမြို့ထဲထိ မြေကြီးတွေပါတုန်ခါနေတာပါ။ ၁၀ချက်လောက် မကဘူး ထုနေတာ၊ အထိအခိုက်လည်း ရှိနိုင်ပါတယ်။ အခု ရှောင်ပြေးနေကြတာဆိုတော့ အတိအကျကိုတော့ မသိရသေးပါဘူး၊ ဟိန်ဇိန်ရွာထဲကို မနက်အစောကြီး လက်နက်ကြီးတွေ ကျလာတော့မှ ပစ်ခတ်တယ်လို့ သိရလို့ ရှောင်ပြေးကြတာပါ။ စထုတာက ၈ နာရီစထုတယ်။  ရဟတ်ယာဉ်က ပစ်ပြီးမှ ပျံတက်သွားတာ ၉ နာရီလောက်က စပြီးပစ်တယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဇန်နဝါရီ ၂၁ ရက်နေ့ မနက် ၂ နာရီလောက်ကလည်း ဟိန်ဇိန်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ချင်းပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့က ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာ မှာ စစ်ကောင်စီတပ်က ၁၅ ဦးသေဆုံးခဲ့တယ်လို့ ချင်းပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ တွေဆီက သိရပါတယ်။  

တီးတိန်မြို့နယ်က ဟိန်ဇိန်ကျေးရွာတဝိုက်ကို ဇန်နဝါရီ ၁၆ ရက် မနက်ပိုင်းကလည်း ကလေးတက္ကသိုလ်အတွင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က  အဝေးပစ်လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေတယ်လို့ ကျေးရွာဒေသခံတွေဆီက သိရပါတယ်။

တိုက်ပွဲမဖြစ်ပေမယ့်လည်း လက်နက်ကြီးတွေနဲ့ ၄ ကြိမ်မကအပြင် သေနတ်တွေနဲ့လည်း ပစ်ခတ်ခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။

ဇန်နဝါရီ ၁၆ ရက် ည ၇ နာရီလောက်ကလည်း စစ်ကိုင်းတိုင်း ကလေးမြို့နယ်၊ တာဟန်းရပ်ကွက် နဲ့ ဒိုးဝိုင်းချောင်းကျေးရွာကြား နေအိမ်တစ်လုံးပေါ်ကို တိုက်ပွဲမရှိဘဲ လက်နက်ကြီးကျတာကြောင့် နေအိမ်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၁၁ ရက် ည ၁၀ နာရီလောက်ကလည်း  ကလေးမြို့နယ်ထဲမှာ တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီက ပစ်ခတ်တယ်လို့ ယူဆရတဲ့ လက်နက်ကြီး ကျရောက်ခဲ့ပြီး ထိခိုက်သူတော့ မရှိခဲ့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။ 

လက်နက်ကြီးဟာ တာဟန်းရဲကင်းမူးယစ်စခန်းမှာ တပ်စွဲထားကြတဲ့ စစ်ကောင်စီတပ်က ပစ်ခတ်တာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

1 year Ago
Up