ကိုလံဘီယာနိုင်ငံမှာ ရတနာ ရွှေဒင်္ဂါးပြားတွေ ပါရှိတဲ့ ရာစုနှစ်ချီ သက်တမ်းရှိတဲ့ သင်္ဘောပျက်တွေကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။
တာဝန်ရှိသူတွေ ပြောကြားချက်အရ ကိုလံဘီယာရေတပ်မှ တာဝန်ရှိသူတွေဟာ ကာလရှည်ကြာ နစ်မြုပ်နေတဲ့ San Jose ဂါလွန် ရွက်သင်္ဘောကြီးကို ရေအောက်စောင့်ကြည့်ရေး လုပ်ဆောင်နေရင်း အနီးအနားမှာ သင်္ဘောပျက်နှစ်စင်းကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
တစီးက စပိန်ကိုလိုနီခေတ်က လှေလို့ ယူဆကြပြီး နောက်တစီးကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀ လောက်က စပိန်လက်အောက်ကနေ ကိုလံဘီယာလွတ်လပ်ရေးစစ်ပွဲကာလက ဖြစ်မယ်လို့ ယူဆကြပါတယ်။
ကိုလံဘီယာသမ္မတ IVAN DUQUE ကတော့ “နောက်ထပ် သင်္ဘောတစီးက ပဏာမ ခွဲခြမ်းစိတ်ဖြာမှုအရ၊ ကျနော်တို့ သမိုင်းရဲ့ ရီပတ်ဗလစ်ကန်ခေတ်နဲ့ ကိုက်ညီနေတယ်။ အလားတူ ဆက်စပ်ရေယာဉ်တွေလည်း ရှိပြီးတော့ ဒီလိုလှေမျိုး တဒါဇင်လောက် ရှိပါတယ်၊၊ အဲဒါကို ရေတပ်မှာ ထားမယ်”လို့ ဆိုပါတယ်။
San Jose galleon သင်္ဘောကြီးဟာ ၁၇၀၈ ခုနှစ်က ကိုလံဘီယာနိုင်ငံရဲ့ ကာရစ်ဘီယံကမ်းခြေရှိ Cartagena ဆိပ်ကမ်းမြို့အနီးမှာ နစ်မြုပ်ခဲ့တာပါ။ ဒီဘဏ္ဍာတော်တွေနဲ့ သင်္ဘာကြီးဟာ ဒီနေ့ခေတ် ဘီလီယံချီ တန်ဖိုးရှိမယ်လို့ သမိုင်းပညာရှင်တချို့က ယုံကြည်ကြပါတယ်။
သမ္မတ အိုင်ဗန်ဒူကေးက “စက်ကိရိယာတွေကို မကြာသေးခင်နှစ်တွေအတွင်းမှာ ဝယ်ယူခဲ့ရပြီးတော့ နက်ရှိုင်းတဲ့နေရာအထိ ရောက်နိုင်ပြီး အကောင်းဆုံးပုံရိပ်တွေကို ဖမ်းယူရရှိနိုင်ခဲ့ကြောင်းနဲ့ ရတနာတွေရဲ့ ဂုဏ်သိက္ခာကို ကာကွယ်ပေးဖို့တင်မကပဲ အမြဲတမ်းနဲ့ အဆက်မပြတ် စောင့်ကြည့်လို့ရကြောင်းနဲ့ သက်ဆိုင်တဲ့ ထုတ်ယူမှုမပြီးမချင်း သင်္ဘောပျက်တွေကို လုံးလုံး ထိန်းသိမ်းကာကွယ်ထားနိုင်မှာ ဖြစ်တယ်”လို့ ပြောပါတယ်။
သင်္ဘောပျက်က ပုံရိပ်အသစ်တွေမှာ ရွှေဒင်္ဂါးတွေ၊ အမြောက်တွေအပြင် ပန်းအိုးတွေနဲ့ ပန်းကန်ခွက်ယောက်တွေလို တခြားပစ္စည်းတွေကိုလည်း ပြသခဲ့ပါတယ်။
အာဏာပိုင်တွေဟာ သင်္ဘောပျက်တွေနဲ့ သူတို့ရဲ့အကြောင်းအရာတွေကို ပြတိုက်တွေမှာ ပြသဖို့အတွက် ပင်လယ်ကြမ်းပြင်ကနေ ဆယ်ယူဖို့ လုပ်ဆောင်နေကြပါတယ်။