ဟေတီနိုင်ငံမှာ အရင်အပတ်က ရာဇဝတ်ဂိုဏ်းတွေရဲ့ ပစ်ခတ်မှုကြောင့် ရဲအရာရှိ ၇ယောက် သေဆုံးခဲ့အပြီး ဇန်နဝါရီ ၂၉ရက်မှာ တင်းမာမှုတွေ မယုံကြည်မှုတွေ ဆက်ရှိနေတယ်လို့ ဟေတီ အမျိုးသားရဲတပ်ဖွဲ့နဲ့ ဒေသခံမီဒီယာတို့က ပြောပါတယ်။
လူသတ်သမားတွေကြောင့် အရာရှိတွေက ဦးဆောင်ဆန္ဒပြခဲ့ပြီး လမ်းတွေကို ပိတ်ဆို့ခဲ့ပါတယ်။
အာဂျင်တီးနားနိုင်ငံကို ခရီးထွက်နေတဲ့ ဝန်ကြီးချုပ် အေရီရယ်ဟင်နရီ ပြန်ရောက်လာတဲ့ လေဆိပ် ကို သွားတဲ့လမ်းကိုလည်း အတင်းဝင်လာခဲ့ကြတာပါ။ ဝန်ကြီးချုပ် နေအိမ်ကိုတော့ ရဲအစောင့် အကြပ်တွေ ထားထားဆဲပါ။
အထွေထွေရောဂါကုဆေးရုံက အရိုးအထူးကုဆရာဝန် ဆင်မြူယယ် ဂျိုးဖက်က ဆေးရုံရဲ့ အရေးပေါ် တံခါးမှာ လူတစ်ဦးကို လူဆိုးဂိုဏ်းဝင်တွေက ပြန်ပေးဆွဲသွားပြီးနောက် ဟေတီမှာ လုံခြုံရေးက ပြဿနာတစ်ခုပဲလို့ ပြောပါတယ်။
၂၀၂၁ ခုနှစ် ဇူလိုင်လမှာ ဟင်နရီ အာဏာရလာချိန်က စပြီး ရဲတပ်ဖွဲ့ဝင် ၇၈ ဦး သေဆုံးခဲ့လို့ တစ်လကို ပျမ်းမျှငါးဦးထက်မနည်း သေဆုံးနေတာလို့ ဟေတီလူ့အခွင့်အရေးအဖွဲ့ RNDDH က ပြောပါတယ်။
ရာဇ၀တ်ဂိုဏ်းတွေကို နှိမ်နင်းဖို့ နိုင်ငံခြား လျှပ်တပြက် တိုက်ခိုက်ရေး တပ်ဖွဲ့တွေ စေလွှတ်ရေး ကုလသမဂ္ဂက ဆွေးနွေးနေပါတယ်။
မက္ကဆီကိုနိုင်ငံအနောက်တောင်ပိုင်း ဂွာရဲရိုပြည်နယ်မှာ ပြိုင်ဘက်ဂိုဏ်းနှစ်ခုကြား ပစ်ခတ်မှုဖြစ်ပြီး ဒေသခံမြို့တော်ဝန်တယောက် အပါအဝင် လူအယောက် ၂၀ သေဆုံးပြီး ၂ ယောက် ဒဏ်ရာရရှိခဲ့ကြောင်း မက္ကဆီကိုအာဏာပိုင်တွေက ပြောပါတယ်။
ဆမ်မစ်ဂွဲလ် တိုတိုလာပန်မြို့ရဲ့ မြို့တော်ခန်းမမှာ အောက်တိုဘာ ၅ ရက်က ပစ်သတ်ခံရသူတွေထဲမှာ မြို့တော်ဝန် ကွန်ရာဒိုမန်ဒိုဇာနဲ့ သူ့ဖခင်ဖြစ်သူ မြို့တော်ဝန်ဟောင်း ဂျူအန်မန်ဒိုဇာတို့အပြင် တခြားဒေသခံအရာရှိတွေ ပါဝင်ခဲ့ကြောင်း ပြည်နယ်အာဏာပိုင်တွေရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အသတ်ခံရသူတွေထဲမှာ ကလေးငယ်တယောက်လည်း ပါဝင်ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။
“လူတိုင်း ကြောက်လန့်နေကြတယ်။ သေဆုံးသူတွေ အများကြီးရှိနေတယ်။ ဖြစ်ရတဲ့ အကြောင်းရင်းကို မသိရပေမဲ့ အာဏာပိုင်တွေ ပူးပေါင်းပြီး လုပ်စရာရှိတာ လုပ်စေချင်တယ်” လို့ အမည်မဖော်လိုတဲ့ ဒေသခံတယောက်က ရိုက်တာသတင်းဌာနကို ပြောပါတယ်။
ဒုလုံခြုံရေးဝန်ကြီး ရီကာဒိုမီဂျီအာကတော့ ရာဇဝတ်ဂိုဏ်းတွေကြား အငြင်းအခုံဖြစ်ခဲ့တဲ့ အခြေအနေမှာ ဖြစ်ပျက်ခဲ့တာလို့ ပြောကြားခဲ့ပါတယ်။
မီချို အာကာနာ မိသားစုဂိုဏ်းနဲ့ တက်ကီလာ အရှင်သခင်များဆိုတဲ့ ရာဇဝတ်ဂိုဏ်းတွေ ပါဝင်နေပုံရကြောင်းလည်း ထည့်ပြောသွားပါတယ်။
အရေးကြီးတဲ့ ဘိန်းဖြူထုတ်လုပ်ရာ ပြည်နယ်တခုဖြစ်တဲ့ ဂွာရဲရိုပြည်နယ်ရဲ့ အုပ်ချုပ်ရေးမှူး အီဗလင်းဆယ်လ်ဂါဒိုက ပြည်နယ်အတွင်း မှုခင်းတွေကို နှိမ်နင်းသွားမယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ကတိပြု ပြောကြားခဲ့ပါတယ်။