ဂျပန်ဝန်ကြီးချုပ် ယိုရှိဟိဒဲဆူဂဟာ ရာထူးကနေ ဆင်းတော့မှာဖြစ်ပြီး သူ့နေရာမှာ ဝန်ကြီးချုပ်အသစ်ကို အစားထိုးဖို့ စီစဉ်ထားကြောင်းနဲ့ အာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီရဲ့ ဦးဆောင်မှုပိုင်း ရွေးချယ်ပွဲမှာ မပါဝင်ဖို့ ဆုံးဖြတ်ထားကြောင်း စက်တင်ဘာ ၃ ရက်မှာ ပြောကြားလိုက်ပါတယ်။
ဝန်ကြီးချုပ်ဆူဂဟာ ကိုဗစ်-၁၉ ကပ်ရောဂါကို တိုက်ဖျက်ရေးလုပ်ငန်းတွေမှာ အာရုံစိုက်လိုကြောင်းနဲ့ ရွေးကောက်ပွဲလှုပ်ရှားမှုတွေမှာ တပြိုင်နက်တည်း မပါဝင်နိုင်ကြောင်း ပြောပါတယ်။ သူ့ရဲ့ ဆုံးဖြတ်ချက်ကြောင့် အာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီမှ တာဝန်ရှိသူတွေကတော့ အံ့အားသင့်ခဲ့ရတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ဆူဂဟာ စက်တင်ဘာ ၂၉ မှာပြုလုပ်မယ့် ပါတီရွေးကောက်ပွဲမှာ ဆက်ခံမယ့်သူ ကို ရွေးချယ်ပြီးတဲ့အထိ ပါတီဥက္ကဋ္ဌအဖြစ် သူ့ရဲ့သက်တမ်းကုန်တဲ့အထိ တာဝန်ထမ်းဆောင်မှာ ဖြစ်တယ်လို့လည်း ပြောကြပါတယ်။
အောက်လွှတ်တော်မှာ အာဏာရပါတီက လူများစုဖြစ်တာကြောင့် ယှဉ်ပြိုင်ပွဲမှာ အနိုင်ရသူဟာ ဝန်ကြီးချုပ်ဖြစ်ဖို့ သေချာနေတာပါ။
ဝန်ကြီးချုပ် ဆူဂဟာ ပြီးခဲ့တဲ့ စက်တင်ဘာလက ကျန်းမာရေးကြောင့် နုတ်ထွက်သွားတဲ့ ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးကို ဆက်ခံခဲ့တာ ရာထူးသက်တမ်း ၁ နှစ်သာ ရှိသေးပြီး ကိုဗစ်-၁၉ တုံ့ပြန်မှုကိုလည်း လူတွေသိပ်မကြိုက်ပဲ လူထုထောက်ခံမှုက ခပ်မြန်မြန် ကျဆင်းသွားတာပါ။
အခုနှစ် အထွေထွေရွေးကောက်ပွဲ မတိုင်မီ ဂျပန်နိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်မှုရဲ့ အဆိုးရွားဆုံးလှိုင်းကို ရုန်းကန်နေရတာနဲ့အမျှ သူ့ရဲ့လူထုထောက်ခံနှုန်းကလည်း ၃၀ ရာခိုင်နှုန်း အောက်ကို ကျဆင်းသွားပါတယ်။
အစိုးရက အထွေထွေရွေးကောက်ပွဲကို အောက်တိုဘာ ၁၇ ရက်မှာ ကျင်းပဖို့ စဉ်းစားထားပါတယ်။