ယူကရိန်းရဲ့ အင်အားကြီး ပြည်တွင်းလုံခြုံရေးအေဂျင်စီ SBU အကြီးအကဲနဲ့ ပြည်နယ်အစိုးရ ရှေ့နေချုပ်တို့ကို သမ္မတ ဇလန်းစကီးက ဇူလိုင် ၁၇ ရက်မှာ ရာထူးမှ ထုတ်ပယ်ခဲ့ပါတယ်။
ရုရှားနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ အမှုပေါင်း ဒါဇင်များစွာကို ကိုးကားပြီး ရာထူးကနေ ထုတ်ပယ်ခဲ့ တာပါ။
ဇလန်းစကီရဲ့ ငယ်သူငယ်ချင်း SBU အကြီးအကဲ အီဗန် ဘာကာနော့ဗ်နဲ့ ရုရှားစစ်ရာဇ၀တ်မှုတွေကို တရားစွဲရာမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့တဲ့ အစိုးရရှေ့နေချုပ် အီရီနာ ဗက်နက်ဂျစ်တိုဗာ တို့ကို ရာထူးကနေ ထုတ်တယ်လို့ သမ္မတရဲ့ ဝက်ဘ်ဆိုက်ပေါ်မှာ ထုတ်ပြန်ကြေညာခဲ့တာပါ။
ဒါဟာ ဖေဖော်ဝါရီ ၂၄ ရက်က ရုရှားကျူးကျော်ပြီး နောက်ပိုင်း အကြီးမားဆုံးသော နိုင်ငံရေး ထုတ်ပယ်မှုဖြစ်ပြီး ယူကရိန်းအစိုးရတရပ်လုံးရဲ့ ယန္တရားတခုလုံးကို စစ်ပွဲအတွက် အာရုံ စိုက်စေခဲ့ ပါတယ်။
ထုတ်ပယ်ခံတွေရဲ့ အေဂျင်စီအဖွဲ့ဝင် အများအပြားက ရုရှားနဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ပေါ်လွင် လာတဲ့အပြင် တခြားအေဂျင်စီတွေကိုလည်း ထိခိုက်စေခဲ့တာကြောင့် ထိပ်တန်းအရာရှိတွေကို ရာထူးကနေ ထုတ်ပယ်ခဲ့တာလို့ ဇလန်းစကီးက ပြောပါတယ်။
“နိုင်ငံတော်သစ္စာဖောက်မှုနဲ့ ပူးပေါင်းလုပ်ဆောင်မှု စွပ်စွဲချက် ၆၅၁ မှုနဲ့ အစိုးရ ရှေ့နေနဲ့ တရားဥပဒေ စိုးမိုးရေးအရာရှိတွေကို အမှုဖွင့်ထားပါပြီ။ ဘာကာနော့ဗ်နဲ့ ဗက်နက်ဂျစ်တိုဗာတို့ရဲ့ အေဂျင်စီတွေက အရာရှိ အယောက် ၆၀ ကျော်ဟာ ရုရှားသိမ်းပိုက်ထားတဲ့ ယူကရိန်းပိုင်နက်တွေ ထဲကနေ ယူကရိန်းအစိုးရကို ဆန့်ကျင်ပြီး လုပ်ဆောင်နေတယ်” လို့ သမ္မတ ဇလန်းစကီးက ပြောပါတယ်။
လက်ရှိမှာတော့ ယူကရိန်းနိုင်ငံတောင်ပိုင်းနဲ့ အရှေ့ဘက်ခြမ်းတွေကို ရုရှားတပ်တွေက သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ပွဲအတွင်း လူထောင်နဲ့ချီ သေဆုံးခဲ့သလို သန်းနဲ့ချီတဲ့လူတွေက အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရပြီး မြို့တွေလည်း ဖျက်ဆီးခံခဲ့ရပါတယ်။