close

ရာထူးမှနုတ်ထွက်

close

January 19, 2023

နယူးဇီလန်ဝန်ကြီးချုပ် ရာထူးမှနုတ်ထွက်မည်ဟု ကြေညာ

နယူးဇီလန်ဝန်ကြီးချုပ် ဂျာစင်ဒါ အာဒန်ဟာ ဖေဖော်ဝါရီလ အစောပိုင်းမှာ ရာထူးကနေ နုတ်ထွက်တော့မယ်လို့ကြေညာလိုက်လို့ နယူးဇီလန်နိုင်ငံသားတွေ အံအားသင့်သွားပါတယ်။

အာဒန်ဟာ ဝန်ကြီးချုပ်အဖြစ် ငါးနှစ်ခွဲကြာ တာဝန်ထမ်းဆောင်ခဲ့သူပါ။ သူဟာ လူသားတဦးသာဖြစ်ပြီး နုတ်ထွက်ဖို့ လိုအပ်တယ်လို့ ကြာသပတေးနေ့ သတင်းစာ ရှင်းလင်းပွဲမှာ မျက်ရည်တွေကို ထိန်းထားရင်း အာဒန်က ပြောခဲ့ပါတယ်။

၂၀၁၉ ခုနှစ်က ခရစ္စချာ့ချ်မြို့ရှိ ဗလီနှစ်ခုမှာ အစုလိုက်အပြုံလိုက် ပစ်ခတ်မှုအတွင်း လူပေါင်း ၅၁ ဦး သေဆုံးပြီး အယောက် ၄၀ ဒဏ်ရာရသွားတဲ့ ဖြစ်ရပ်မှာ တုံ့ပြန်ပုံကြောင့် အာဒန်ရဲ့ ကိုယ်ချင်းစာစိတ်ရှိတဲ့ ခေါင်းဆောင်မှုပုံစံဟာ ခိုင်မာလာခဲ့ပါတယ်။

သူဟာ ကိုဗစ်-၁၉ ကပ်ရောဂါကို ကိုင်တွယ်ဖြေရှင်းမှုအတွက် နိုင်ငံရေးနယ်ပယ်မှာ ချီးကျူးမှုတွေ ရခဲ့ပါတယ်။ ကမ္ဘာတဝန်းမှာ အပြင်းထန်ဆုံး ဆောင်ရွက်ချက်တွေကြောင့် သေဆုံးမှုနှုန်း အနည်းဆုံး ဖြစ်ခဲ့ပါတယ်။

အာဏာရ နယူးဇီလန် အလုပ်သမားပါတီက ခေါင်းဆောင်အသစ်အတွက် ဇန်နဝါရီ ၂၂ ရက်မှာ မဲပေးမှာပါ။ ပါတီခေါင်းဆောင်ဟာ လာမယ့် အထွေထွေရွေးကောက်ပွဲ မတိုင်မီအထိ ဝန်ကြီးချုပ်ဖြစ်လာမှာ ဖြစ်ပါတယ်။

အာဒန်ရဲ့ ခေါင်းဆောင်သက်တမ်းဟာ ဖေဖော်ဝါရီ ၇ ရက်ထက် နောက်မကျဘဲ ကုန်ဆုံးမှာဖြစ်ပြီး အထွေထွေရွေးကောက်ပွဲကို အောက်တိုဘာ ၁၄ ရက်မှာ ကျင်းပမှာဖြစ်ပါတယ်။

20 hours Ago

January 6, 2022

ကာဇက်စတန်သမ္မတနှင့်အစိုးရအဖွဲ့ ရာထူးမှနုတ်ထွက်

ဗဟိုအာရှနိုင်ငံတနိုင်ငံဖြစ်တဲ့ ကာဇက်စတန်မှာ လောင်စာဆီဈေးနှုန်း မြင့်တက်မှုကြောင့် ဆန္ဒပြမှုတွေဖြစ်ပြီး ရဲ ၁၀၀ နီးပါး ဒဏ်ရရှိခဲ့ပြီး ဇန်နဝါရီ ၅ ရက်က  သမ္မတ ကာဆမ် ဂျိုမတ် တိုကာယဗ် (Kassym-Jomart Tokayev) နဲ့ အစိုးရအဖွဲ့ ရာထူးမှ နုတ်ထွက်ခဲ့ပါတယ်။

ကာဇက်လူမျိုးတွေက သူတို့ကားတွေကို ကုန်ကျစရိတ်သက်သာတဲ့ LPG ရေနံဓာတ်ငွေ့နဲ့ ပြောင်းပြီး မောင်းနေတာပါ။ 

အစိုးရက ဇန်နဝါရီ ၁ ရက်စပြီး ဓာတ်ငွေ့ဈေးနှုန်း တက်လိုက်တာကြောင့် ဆန္ဒပြမှုတွေ စတင်ခဲ့ပါတယ်။ 

ဇန်နဝါရီ ၄ ရက်နေ့က မြို့တော် အယ်လ်မတီ (Almaty) ရဲ့ ရင်ပြင်မှာ ရာနဲ့ချီ ဆန္ဒပြနေတဲ့လူအုပ်ကို ရဲတွေက မျက်ရည်ယိုဗုံးတွေ၊ မူးမေ့စေတဲ့ လက်ပစ်ဗုံးတွေနဲ့  ပစ်ခတ်ဖြိုခွင်းခဲ့ပါတယ်။

မနေ့က ဝန်ကြီးအချို့ နုတ်ထွက်ပြီးနောက် ဆန္ဒပြမှုတွ ပိုများလာပြီး လုံခြုံရေး‌တွေက မျက်ရည်ယိုဗုံးတွေသုံး ဖြိုခွဲပေမဲ့ မအောင်မြင်ပါဘူး။

ပြည်ထဲရေးဝန်ကြီး ပြောဆိုမှုအရ မြို့ကြီးနှစ်မြို့က အစိုးရအဆောက်အအုံတွေ တိုက်ခိုက်ခံရတာကြောင့် ရဲ ၉၅ ဦး ဒဏ်ရာရရှိခဲ့ပြီး ဆန္ဒပြသူ အယောက် ၂၀၀ ကျော်လိုလည်း ဖမ်းဆီးထားပါတယ်။

ကာဇက်စတန်ဟာ ဆိုဗီယက်အောက်က လွတ်လပ်ရေးရပြီး ဆယ်စုနှစ်သုံးခုအတွင်း နိုင်ငံရေး တည်ငြိမ်မှုကို ဦးစားပေး တင်းတင်းကြပ်ကြပ်အုပ်ချုပ်ခဲ့ပါတယ်။ 

နိုင်ငံရေးတည်ငြိမ်မှုပုံရိပ်ကြောင့်  ရေနံနဲ့ သတ္တုလုပ်ငန်းကဏ္ဍကနေ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ဘီလီယံများစွာ ရရှိခဲ့ပါတယ်။

1 year Ago
Up