မကွေးတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ အထက်တန်းနဲ့ အလယ်တန်းကျောင်းအုပ် ၂၂၂ ယောက်တို့ကို အကြမ်းဖက်စစ်အုပ်စုက ရာထူးမှ ထုတ်ပယ်လိုက်ပါတယ်။
အထက်တန်းနဲ့ အလယ်တန်းကျောင်းအုပ် ၂၂၂ ယောက်ဟာ နိုင်ငံဝန်ထမ်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်တွေကို ချိုးဖောက်လို့ ရာထူးကနေ ထုတ်ပယ်လိုက်တယ်လို့ ပညာရေးဝန်ကြီးဌာန၊ နေပြည်တော်က ဇွန်လ ၄ ရက်နေ့မှာ အမိန့်ကြော်ငြာစာ ထုတ်ပြန်ခဲ့တာပါ။
ရာထူးထုတ်ပယ်ခံရတဲ့ ဝန်ထမ်းတွေအနေနဲ့ ကျေနပ်မှုမရှိပါက အမိန့်ကြော်ငြာစာ လက်ခံရရှိတဲ့နေ့ကစပြီး ၆ လအတွင်း နိုင်ငံဝန်ထမ်းဥပဒေတွေနဲ့အညီ အယူခံတင်သွင်းနိုင်ကြောင်းလည်း အမိန့်စာမှာ ဖော်ပြပါရှိပါတယ်။
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် (ကေအဲန်ယူ၊ ဒူးပလာယာခရိုင် ) ကြာအင်းဆိပ်ကြီးမြို့နယ်ထဲက နိုင်ငံတာဝန်ထမ်းဆောင်နေတဲ့ ပညာရေးဝန်ထမ်း ၁၉၉ ယောက်ကို ရာထူးကနေ ထုတ်ပယ်လိုက်ကြောင်း မေ ၃၀ ရက်နေ့စွဲနဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ ပြည်နယ်ပညာရေးမှူးရုံးက ထုတ်ပြန်ပါတယ်။
ခွင့်စည်းကမ်းဖောက်ဖျက်ပြီး ခွင့်မဲ့ပျက်ကွက်တာ၊ လုံလောက်တဲ့အကြောင်းပြချက်မရှိဘဲ တာဝန်ချိန်ပျက်ကွက်နေသူတွေဆိုတဲ့အကြောင်းပြချက်နဲ့ ရာထူးကနေ ထုတ်ပယ် (Removal) လိုက်တာပါ။
ထုတ်ပယ်ခံရတဲ့ ပညာရေးဝန်ထမ်းတစ်ဦးက “အကြမ်းဖက်စစ်ကောင်စီလက်အောက်မှာ အလုပ်မလုပ်နိုင်ဘူး။ အခုလို ထုတ်ပြန်ပေးလိုက်တော့ ပိုပြီးဝမ်းသာတယ်။ ရှေ့ဆက်ပြီးတော့ အာဏာရှင်ပြုတ်ကျတဲ့အထိ တော်လှန်သွားမယ်”လို့ ပြောပါတယ်။
ပညာရေးဝန်ထမ်းတွေအနေနဲ့ စစ်ကောင်စီလက်အောက် တာဝန်မထမ်းဆောင်လို့တဲ့အတွက် CDM လှုပ်ရှားမှုမှာပါဝင်ပြီး စစ်အာဏာရှင်နဲ့ စစ်ကျွန်ပညာရေးစနစ် ဆန့်ကျင်တော်လှန်တဲ့ ဆန္ဒပြပွဲတွေကို ဖမ်းဆီးမှုတွေကြားက ပြောက်ကျားစနစ်နဲ့ ပြုလုပ်နေတာပါ။
ကေအန်ယူ ဒူးပလာယာခရိုင်အနေနဲ့ CDM ဝန်ထမ်းတွေကို ကာကွယ်ပေးသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။