ရာနေးလ်ဝစ်ကရာမန်ဆင်းဂ်ကို သီရိလင်္ကာရဲ့ သမ္မတသစ်အဖြစ် မဲခွဲဆုံးဖြတ်ပြီးတဲ့နောက် ဇူလိုင် ၂၀ ရက်မှာ သမ္မတရုံးအပြင်ဘက်မှာ ဆန္ဒပြသူတွေ ငြိမ်နေခဲ့ကြပါတယ်။
လအတော်ကြာအောင် လောင်စာ၊ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ ဆိုးဆိုးရွားရွား ပြတ်တောက်ပြီးတဲ့နောက် ပြည်သူတွေက အာဏာရ ရေပေါ်ဆီတွေကို ဒေါသထွက်ခဲ့ပေမဲ့ ခြောက်ကြိမ်တိုင်တိုင် ဝန်ကြီးချုပ် ဖြစ်ခဲ့ဖူးသူ ဝစ်ကရာမန်ဆင်းဂ်က လွှတ်တော်ထဲမှာ အမတ် ၂၂၅ ဦးရှိတဲ့အထဲက ထောက်ခံမဲ ၁၃၄ မဲ ရရှိခဲ့ပါတယ်။
“ဝမ်းနည်းစရာနေ့တစ်နေ့လို့ ကျနော်ထင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒါက ရွေးကောက်ပွဲမှာ မနိုင်ခဲ့တဲ့ သူတစ်ယောက်ပါ။ သူက ပြည်သူတွေရဲ့ လုပ်ပိုင်ခွင့်အရပယ်ချခံခဲ့ရတဲ့ သူတစ်ယောက်ပါ” လို့ သမ္မတရုံး လှေကားထစ်တွေမှာ စုဝေးနေတဲ့ လူ ၁၀၀ လောက်ကို ဆန္ဒပြသူ ဘူဝါနာခါ ပေရေရာက ပြောပါတယ်။
"ကျနော်တို့ နောက်ပြန်ဆုတ်မှာမဟုတ်ဘူး”လို့ တက်ကြွလှုပ်ရှားသူ ခါဆုမိ ရာနာဆင်းက ပြောပါတယ်။
သီရိလင်္ကာသမ္မတရုံးကို ဇူလိုင်လအစောပိုင်းက ဆန္ဒပြသူ လူပင်လယ်ကြီးက ဝင်ရောက်စီးနင်းခဲ့ပြီး အဲဒီအချိန်က သမ္မတ ဂိုတာဘာယာ ရာဂျာပတ်ခ်ဆာကို နှင်ထုတ်ခဲ့တာပါ။
ပြီးခဲ့တဲ့ သီတင်းပတ်က ယာယီသမ္မတအဖြစ် တာဝန်ယူခဲ့တဲ့ ဝစ်ကရာမန်ဆင်းဂ်ဟာ ဉာဏ်များပြီး နိုင်ငံရေးပါးဝတဲ့သူလို့ ကျော်ကြားတဲ့ ရှေ့နေတစ်ဦးဖြစ်ပြီး ရာဂျာပက်ဆာ မိသားစုနဲ့ နီးစပ်သူအဖြစ် ရှုမြင်ခံထားရပါတယ်။
“ကျနော်တို့နိုင်ငံဟာ ကြီးမားတဲ့စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရလို့ ပြည်သူတွေရဲ့ဆန္ဒတွေကို ဖြည့်ဆည်းပေးဖို့ မဟာဗျူဟာအသစ်တွေကို လုပ်ရမှာပဲ” လို့ အသက် ၇၃ နှစ် အရွယ် ဝစ်ကရာမန်ဆင်းဂ်က သူ့အောင်ပွဲအပြီးမှာ ပြောခဲ့ပါတယ်။