close

ရာနေးလ် ဝစ်ကရာမက်ဆင်းဂ်

close

July 21, 2022

သီရိလင်္ကာသမ္မတသစ် ကျမ်းသစ္စာ ကျိန်ဆို

သီရိလင်္ကာနိုင်ငံရဲ့သမ္မတသစ်အဖြစ် ရာနေးလ် ဝစ်ကရာမက်ဆင်းဂ်ဟာ ဇူလိုင် ၂၁ ရက် ဒီကနေ့ နိုင်ငံတော် တရားသူကြီးချုပ်ရှေ့မှာ ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။

ဇူလိုင် ၂၀ ရက်က သီရိလင်္ကာလွှတ်တော်တွင်း မဲပေးရွေးချယ်ရာမှာ ပါလီမန်အမတ် ၂၂၅ ဦး ထဲက ၁၃၄ မဲနဲ့  ဝစ်ကရာမက်ဆင်းဂ်က အနိုင်ရခဲ့ပြီးနောက်မှာ နိုင်ငံကနေ ထွက်ပြေးသွားတဲ့ ဂိုတာဘာယာ ရာဂျာပက်ဆာနေရာမှာ ဆက်ခံသူ ဖြစ်လာပါတယ်။ 

ရွေးကောက်ခံ သမ္မတသစ်ကို သတင်းထောက်တွေက ရာဂျာပက်ဆာနဲ့မိတ်ဆွေတွေလားလို့ မေးမြန်းခဲ့တဲ့အပေါ် သူဟာ ဩဇာညောင်းတဲ့ ရာဂျာပက်ဆာ မိသားစုကို အမြဲတမ်း ဆန့်ကျင်ခဲ့ကြောင်းနဲ့ ပါတီမတူတဲ့ သမ္မတဟောင်းနဲ့ အလုပ်အတူလုပ်ခဲ့တိုင်း မိတ်ဆွေလို့ မဆိုလိုကြောင်း သတင်းထောက်တွေကို တုံ့ပြန်ပြောကြားသွားပါတယ်။ 

ဝန်ကြီးချုပ်သက်တမ်း ၆ ကြိမ်ရှိခဲ့ဖူးတဲ့ ဝါရင့်နိုင်ငံရေးသမားကြီး ဝစ်ကရာ မက်ဆင်းဂ်က သူဟာ ပြည်သူတွေရဲ့မိတ်ဆွေဖြစ်ပြီး ဆယ်စုနှစ်တွေ ချီနေတဲ့ တိုင်းပြည်ရဲ့ အဆိုးရွားဆုံး စီးပွားရေးအကျပ်အတည်းအတွက် ထွက်ပေါက်ရဖို့ နည်းလမ်း ရှာမှာဖြစ်ကြောင်း သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

လူဦးရေ ၂၂ သန်းရှိတဲ့ နိုင်ငံဟာ ဆိုးရွားတဲ့ ဘဏ္ဍာရေးအကျပ်အတည်းကြောင့် ပြိုလဲခဲ့ရပြီး လောင်စာဆီ၊ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ အပါအဝင် မရှိမဖြစ်လိုအပ်တဲ့ပစ္စည်းတွေ ပြတ်လပ်သွားတဲ့အထိ ဖြစ်စေပြီး နိုင်ငံခြားငွေ ရှားပါးမှုလည်း ဖြစ်ခဲ့ရပါတယ်။

Photo- Reuters

1 min Ago
Up