နိုင်ငံရေးအကျပ်အတည်းဆိုက်နေတဲ့ သီရိလင်္ကာနိုင်ငံမှာ အရင်ဝန်ကြီးချုပ်ဟောင်း ရာနေး ဝစ်ကရင်းမဆင်းဂ်ကို ဝန်ကြီးချုပ်အဖြစ် ပြန်လည်ခန့်အပ်လိုက်ပါတယ်။
အရင်က သီရိလင်္ကာနိုင်ငံရဲ့ ဝန်ကြီးချုပ်တာဝန်ကို ငါးကြိမ်ယူခဲ့ဖူးတဲ့ ဝစ်ကရင်းမဆင်းဂ်ဟာ ဒီတကြိမ်မှာတော့ တိုင်းပြည်ရဲ့ စီးပွားရေး အကျပ်အတည်းအပြင် နိုင်ငံရေး စိတ်ဝမ်းကွဲမှုတွေကိုပါ ဖြေရှင်းပေးဖို့ တာဝန်ရှိလာပါတယ်။
ဝါရင့် နိုင်ငံရေးသမားဖြစ်တဲ့ အရေးပေါ်ကာလ ဝန်ကြီးချုပ်သစ်ဟာ ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းပြီး တိုင်းပြည်မှာ ကြုံနေရတဲ့ အခက်အခဲကို ကိုင်တွယ်သွားမယ့်သဘောမျိုး ရှိပါတယ်။
အစိုးရရဲ့ စီးပွားရေးဆိုင်ရာ စီမံခန့်ခွဲမှု ညံ့ဖျင်းတာ၊ ကိုဗစ်-၁၉ ကပ်ဘေး၊ ယူကရိန်းနိုင်ငံကို ရုရှားက ကျူးကျော်တိုက်ခိုက်တဲ့နောက်ပိုင်း လောင်စာဆီဈေးနှုန်းတွေ မြင့်တက်လာတာတွေကြောင့် သီရိလင်္ကာဟာ စီးပွားရေး အကျပ်အတည်းဆိုက်ပြီး နိုင်ငံခြားကနေသွင်းရတဲ့ လောင်စာဆီနဲ့ ဆေးဝါးတွေ ပြတ်လပ်တဲ့အထိ ဖြစ်နေပါတယ်။
ဒါကို မကျေနပ်လို့ ပြည်သူတွေ၊ အတိုက်အခံတွေနဲ့ ကျောင်းသားတွေဟာ အစိုးရ နုတ်ထွက်ပေးဖို့ မြို့ကြီးတွေမှာ ဆန္ဒပြခဲ့ကြပါတယ်။
ရက်သတ္တပတ်တွေ ကြာလာတဲ့အခါ လုံခြုံရေးတပ်တွေနဲ့ ဆန္ဒပြသမားတွေကြား ထိပ်တိုက်တွေ့ပြီး အခြေအနေတွေ တင်းမာလာကာ နောက်ဆုံးမှာတော့ သမ္မတ ရာဂျာပက်စာတို့ ညီအစ်ကို ဦးဆောင်တဲ့ အစိုးရအဖွဲ့ မေ ၉ ရက်မှာ နုတ်ထွက်ခဲ့ရပါတယ်။
ဒါပေမဲ့ အတိုက်အခံ JVA ပြည်သူ့လွတ်မြောက်ရေးတပ်ဦး ပါတီခေါင်းဆောင် အန်နူရာ ကူးမာရားကတော့ ဝန်ကြီးချုပ်အသစ် ဖြစ်လာတဲ့ ဝစ်ကရင်းမဆင်းဂ်နဲ့ ရေတပ်စခန်းတခုမှာ ပုန်းနေတဲ့ ဝန်ကြီးချုပ်ဟောင်း ရာဂျာပက်စာတို့ဟာ အရင်ကတည်းက တယောက်ကိုတယောက် အကာအကွယ်ပေးခဲ့ကြသူတွေပဲဖြစ်လို့ အခု အပြောင်းအလဲကလည်း ဘာမှ ထူးမှာမဟုတ်ဘူးလို့ ပြောပါတယ်။
အတိုက်အခံပါတီကို ထောက်ခံတဲ့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတပါးက “ဒီလို တာဝန်လွှဲပေးလိုက်တာဟာ တရားမဝင်ဘူး။ ပြည်သူ့ဆန္ဒကို လျစ်လျူရှုပြီး ကြီးမားတဲ့ အမှားကို ထပ်ပြီး ကျူးလွန်လိုက်တာ” လို့ ပြောပါတယ်။
ကက်သလစ်ဘုန်းတော်ကြီး တပါးကလည်း ဒါဟာ ပြည်သူလူထုက လိုချင်တဲ့ အပြောင်းအလဲမျိုး မဟုတ်ဘူးလို့ ဝေဖန်ပါတယ်။