close

ရာဘာဈေး

close

October 31, 2022

ပြည်တွင်း ရာဘာဈေး ပြန်လည်ကျဆင်းနေ

ရာဘာရာသီ ပြန်လည်စတင်လာပေမယ့် ရာဘာအဖွင့်ဈေးမှာ ဈေးကောင်းရပြီးတဲ့နောက် အခု အကျဘက်ဦးတည်ပြီး ပြန်လည်ကျဆင်းလာနေတယ်လို့ မွန်ပြည်နယ် ရေးမြို့နယ်ထဲက ရာဘာ ခြံသမားတွေက ပြောပါတယ်။

“အဖွင့်ဈေးကတော့ ရာဘာ ၁ပေါင်ကို ကျပ် ၁၃၀၀ အထိ ရပေမယ့် ခြံသမားတွေမှာ ရာသီဥတု မိုးကြောင့် ရာဘာက မရကြဘူး။ လူငှားလည်း မရကြတဲ့ ခြံတွေက မနည်းဘူး။ အခုက ဈေးက တခါပြန်ကျတယ်။ ၁ ပေါင်က ကျပ် ၉၀၀ အောက်ရောက်သွားခဲ့ပြန်တယ်”လို့ ခြံသမားတဦးက ပြောပါတယ်။

ရာဘာဈေးတွေ အခုလို အကျဘက်ကို ရောက်လာတာ နိုင်ငံခြားငွေနဲ့ ပို့ကုန်သွင်းကုန်တွေကို စစ်ကောင်စီရဲ့ ကန့်သတ်ချက်တွေ ရှိလာခဲ့တာကြောင့် ရာဘာ ကုန်သည်တွေမှာ အရှုံးပေါ်လာခဲ့တာကြောင့် အရောင်းအဝယ်တွေပါ ထိခိုက်လာခဲ့ကြတယ်လို့ ရာဘာကုန်သည်တဦးက ပြောပါတယ်။

ဒေသခံအဝယ်ဒိုင် တယောက်က“ပြီးခဲ့တဲ့နှစ် ရာဘာရာသီဆို ပြည်တွင်းက ရာဘာ၀ယ်ကြတဲ့ ကုမ္ပဏီတွေကတော့ ရာဘာ ၁ ပေါင်ကို ကျပ် ၁၀၀၀ အောက်ပေးပြီး သတ်မှတ်ထားပေမဲ့ ရာဘာဈေးတွေက ကျပ် ၁၁၀၀ အထက်မှာရှိတော့ ရာဘာအ၀ယ်ဒိုင်အများစုက ကုမ္ပဏီကနေ ကြိုတင်ငွေယူထားတဲ့သူတွေမှာ အရှုံးပေါ်ကြတော့ အိမ် ခြံ မြေ တွေပါ ထုတ်ရောင်းရတဲ့အထိ ရှိကြတယ်”လို့ ပြောပါတယ်။

စစ်တပ် အာဏာသိမ်းပြီးတဲ့ ကာလအတွင်းမှာ ရာဘာခြံ သုံးပစ္စည်းဈေးတွေ လုပ်အားတွေမှာ ပုံမှန် ကုန်ကျစရိတ်တွေက နှစ်ဆ နီးပါးလောက် ပိုမိုမြင့်တက်သွားပြီး ခြံသမား အလုပ်သမားတွေက အစ ရာဘာဈေးမကောင်းခဲ့ရင်တွက်ခြေမကိုက်ကြဘူးလို့ ဆိုပါတယ်။

မွန်ပြည်နယ်မှာ ရာဘာအစေးခြစ် စိုက်ဧကပေါင်း ၅ သိန်းကျော်ရှိပြီး ရာဘာအစေးခြစ် လုပ်သားတွေမှာ နှစ်စဉ် ၁ သိန်းခွဲကျော် ဝင်ရောက်လုပ်ကိုင်ခဲ့ကြပြီး ရာဘာလုပ်ငန်းကနေ နိုင်ငံခြားငွေတွေ အဓိက ရရှိထားပါတယ်။

3 hours Ago
Up