မွန်ပြည်နယ်၊ ရေးမြို့နယ်ပညာရေးမှူးရုံးကို ဇန်နဝါရီ ၂၅ ရက် ဒီနေ့မနက် ၄ နာရီခွဲမှာ မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ ရာမညပြောက်ကျားတပ်ဖွဲ့ဝင်တယောက်က ပြောပါတယ်။
“ပညာရေးမှူးရုံးမှာ လုံခြုံရေးယူထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲခဲ့တယ်။ ရာမည ပြောက်ကျားတပ်ဖွဲ့နဲ့ စစ်ကောင်စီ လုံခြုံရေးကင်းသမားတွေ မိနစ်အနည်းငယ်ကြာ အပြန်အလှန်ပစ်ခတ်ပေမဲ့ မြို့ပေါ် လူနေရပ်ကွက်ဖြစ်တော့ လူထိခိုက်မှာစိုးလို့ ရာမညပြောက်ကျားတပ်ဖွဲ့က ပြန်ဆုတ်သွားခဲ့တယ်။”
မြို့ခံတယောက်ကလည်း “မနက်အစောကြီးက ပေါက်ကွဲသံကြားရပြီးတဲ့နောက် လက်နက်ငယ် အပြန်အလှန်ပစ်ခတ်သံပါ ထပ်ကြားရပြီး ပညာရေးမှူးရုံးမှာ ကင်းပုန်းချထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တော့ ရှိတယ်။ ထိခိုက်သေဆုံးတာတွေ မကြားရသေးသလို ကျောင်းတွေက ဆက်ဖွင့်ထားတယ်” လို့ ပြောပါတယ်။
အဆိုပါ ပညာရေးမှူးရုံး မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် အဆောက်အဦ အစိတ်အပိုင်းတချို့ ထိခိုက်ပျက်စီးခဲ့ပြီး ပညာရေးမှူးရုံးပိုင်းဆိုင်ရာ ပစ္စည်းတွေကို ဖယ်ရှားလိုက်ပါတယ်။
ရေးမြို့နယ်ပညာရေးမှူးရုံး တိုက်ခိုက်ခံရတဲ့ဖြစ်စဥ်နဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။
ရာမညပြောက်ကျားတပ်ဖွဲ့ကတော့ ပညာသင်နှစ် တနှစ်တာကာလ ကုန်ဆုံးတော့မှာဖြစ်လို့ စစ်ကျွန်ပညာရေးကို အကောင်အထည်ဖော် အသက်သွင်းနေတဲ့ သူတို့ရဲ့ အကြံတွေ အထမမြောက်စေချင်တာကြောင့် အခုလို တိုက်ခိုက်ရတာလို့ ထုတ်ပြန်ထားပါတယ်။
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျုံပေါကျေးရွာအနီးမှာ စစ်ကောင်စီလက်အောက်ခံ ရေးမြို့အခြေစိုက် အမှတ် ၅၈၆ တပ်ရဲ့ ကျောင်းကြိုပို့ကားကို နိုဝင်ဘာ ၂၄ ရက် မနက်ပိုင်းမှာ ကျောင်းသားတွေပို့ပြီး အပြန်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ရာမညပြောက်ကျားတပ်ဖွဲ့ (RGF) က ထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး ပါလာတဲ့ ကျောင်းကြိုပို့အပြန်ကားကို ရေးမြို့နယ်မြောက်ပိုင်း ကျုံပေါကျေးရွာအနီး ရေး-မော်လမြိုင်ကားလမ်းမပေါ်မှာ RGF ရာမညပြောက်ကျားတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၂ ဦးသေဆုံးပြီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အဲဒီအဖွဲ့မှ ရဲဘော်တဦးက ပြောပါတယ်။
“စစ်တပ်ရဲ့ ကျောင်းကြိုပို့အပြန်ကားကို ကျနော်တို့အဖွဲ့က စောင့်ပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။ မိုင်းဆွဲတိုက်ခိုက်ပြီး အပြန်အလှန် ပစ်ခတ်မှုပြုလုပ်ပြီးနောက် ကျနော်တို့ဘက်က ထိခိုက်မှုမရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်။”
ကျုံးပေါရွာအနီးရှိကျောင်းမှာ ကျောင်းသူကျောင်းသားတွေကို သွားပို့ပြီး အပြန်မှာ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ကျောင်းသားကလေးတွေကို ပစ်မှတ်ထားတာ မဟုတ်ကြောင်း၊ စစ်ကောင်စီတပ်သားတွေ ကိုသာ ပစ်မှတ်ထားတာဖြစ်ကြောင်းနဲ့ CDM လုပ်နေတဲ့ ဆရာ ဆရာမတွေကို ခြိမ်းခြောက်နေတာကြောင့် အခုလိုတိုက်ခိုက်ခဲ့တာလို့ အဆိုပါတပ်ဖွဲ့ကပြောပါတယ်။
အဲဒီတိုက်ခိုက်မှုအပြီး ရေးမြို့အပါအဝင် ကျေးရွာတချို့က စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ လိုက်လံရှာဖွေတာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။