ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင် အပါအဝင် အမေရိကန်နိုင်ငံသား ၉၆၃ ယောက်နဲ့ ကနေဒါနိုင်ငံသား ၂၆ ယောက်တို့ပါဝင်တဲ့ စာရင်းကို မေ ၂၁ ရက်က ထုတ်ပြန် လိုက်ပြီး သူတို့ကို ရုရှားနိုင်ငံထဲဝင်ခွင့် ရာသက်ပန် တားမြစ်ပိတ်ပင်လိုက်တယ်လို့ ပြောပါတယ်။
အမေရိကန်က ရုရှားဆန့်ကျင်ရေး ဒဏ်ခတ်ပိတ်ဆို့တာတွေကို တုံ့ပြန်တဲ့အနေနဲ့ အမေရိကန် နိုင်ငံသားစာရင်းကို ထုတ်ပြန်တာလို့ ဝန်ကြီးဌာနက ကြေညာပါတယ်။
ဒါ့အပြင် ရန်လိုတဲ့ အမေရိကန်ရဲ့ လုပ်ရပ်တွေဟာ သင့်တော်တဲ့ တုံ့ပြန်မှုတွေကို ဆက်ပြီး လက်ခံ နေရလိမ့်မယ်လို့လည်း ပြောပါတယ်။
ဒီစာရင်းထဲမှာ အမေရိကန်ဒုသမ္မတ ကာမာလာ ဟာရစ်၊ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက် တည်ထောင်သူ မာ့ခ် ဇူကာဘက်နဲ့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဟီလာရီ ကလင်တန်တို့လည်း ပါဝင်ပါတယ်။
ရုရှားက ထိပ်တိုက်တွေ့ဖို့ ကြိုးစားတာမဟုတ်ဘဲ ရိုးသားပြီး အပြန်အလှန် လေးစားမှုရှိတဲ့ ဆွေးနွေးရေးကို လမ်းဖွင့်ထားတယ်လို့လည်း ကြေညာချက်က ပြောပါတယ်။
တကယ်တော့ ဘိုင်ဒင်သာမက နိုင်ငံခြားရေးဝန်ကြီး အန်ထော်နီ ဘလင်ကန်၊ ကာကွယ်ရေး ဝန်ကြီး လွိုက်ဒ် အော်စတင်နဲ့ ပူးတွဲစစ်ဦးစီး အရာရှိချုပ်များအဖွဲ့ဥက္ကဋ္ဌ မာ့ခ် မိုင်လေ တို့ကို မတ်လလယ်တည်းက ရုရှားနိုင်ငံဆီ လည်ပတ်ခွင့် တားမြစ်ပိတ်ပင်ပြီးသားပါ။
ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနဟာ အဲဒီနေ့မှာပဲ ကနေဒါဝန်ကြီးချုပ် ဂျပ်စတင် ထရူဒူရဲ့ ဇနီး အပါအဝင် ကနေဒါ နိုင်ငံသား ၂၆ ယောက်ကိုလည်း ရုရှားနိုင်ငံထဲဝင်ခွင့် ရာသက်ပန် တားမြစ် ပိတ်ပင်တယ်လို့ သီးခြား ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
ဒါဟာ ကနေဒါက ရုရှားကို ဆန့်ကျင်ပြီး ဒဏ်ခတ်ခဲ့လို့ လက်တုံ့ပြန်တာလည်း ဖြစ်ပါတယ်။
ကနေဒါနိုင်ငံအတွင်း လက်ရှိ အာဏာရအစိုးရရဲ့ ရန်လိုတဲ့ လုပ်ရပ်တွေကို တုံ့ပြန်တဲ့အနေနဲ့ နီးကပ်တဲ့ အနာဂတ်မှာ တုံ့ပြန်ဆောင်ရွက်ချက်တွေ ဆက်လာဦးမယ်လို့လည်း ရုရှားက ပြောပါတယ်။
ကနေဒါက ရုရှားနိုင်ငံသား ၁၄ ယောက်ကို ဒဏ်ခတ်မှုအသစ် ချမှတ်ကြောင်း ကြေညာပြီး ရုရှားနိုင်ငံဆီကို ဇိမ်ခံပစ္စည်းတွေနဲ့ ကွန်ပျူတာဆိုင်ရာ ပစ္စည်းကိရိယာတွေအပါအဝင် ပစ်မှတ်ထားတဲ့ ကုန်စည်တင်ပို့မှု တားမြစ်ချက် ထုတ်ပြန်အပြီး နောက်နေ့မှာ ခုလို ကြေညာတာလည်း ဖြစ်ပါတယ်။