close

ရာသက်ပန် ကစားခွင့်ပိတ်

close

January 3, 2022

စခန်းမဝင်သည့် ကရင်အမျိုးသမီးဘောလုံးသမားများကို ရာသက်ပန် ကစားခွင့်ပိတ်မည်ဟု စစ်ကောင်စီ ခြိမ်းခြောက်

စခန်းဝင် လေ့ကျင့်ဖို့မလာရောက်တဲ့  ကရင်ပြည်နယ်၊လက်ရွေးစင် အမျိုးသမီးဘောလုံး အားကစားသမားတွေကို ပြည်နယ်အတွင်းကျင်းပမယ့် ဘယ်အားကစားပြိုင်ပွဲမဆို ရာသက်ပန် ကစားခွင့်မပြုဖို့ စစ်ကောင်စီလက်အောက်ခံ ပြည်နယ်အားကာ ဌာန ညွှန်မှူးက ခြိမ်းခြောက်လိုက်ပါတယ်။

ပြည်နယ်အားကစားနဲ့ ကာယပညာဦးစီးဌာနညွှန်မှူးက စစ်ကောင်စီခန့် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ထံ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၆ ရက် နေ့စွဲနဲ့ ပေးပို့တဲ့စာမှာ အခုလိုဖော်ပြထားတာပါ။

နေပြည်တော်မှာ လာမယ့် ဇန်နဝါရီ ၇ ရက်မှ ၂၁ ရက်အထိ ကျင်းပမယ့် တိုင်းဒေသကြီးနဲ့ ပြည်နယ် အသက် ၂၅ နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့ ဘားအံမြို့ရှိ အောင်သံလွင်ကွင်းမှာ မြို့နယ်ပေါင်းစုံဘောလုံးပွဲကျင်းပပြီး  ကရင်ပြည်နယ် လက်ရွေးစင်တွေ ရွေးချယ်ထားတာပါ။

ရွေးချယ်ခံထားရတဲ့ လက်ရွေးစင် ကစားသမားတွေကို စခန်းသွင်းလေ့ကျင်ဖို့ ဒီဇင်ဘာ ၄ ရက် အရောက်လာကြဖို့ အကြောင်းကြားထားပေမဲ့ ကစားသမား ၁၁ ယောက် အနေနဲ့ လာရောက် စခန်းဝင်တာမရှိဘူးလို့ ဆိုပါတယ်။

ဒါကြောင့် ဒီဇင်ဘာ ၂၀ ရက် နောက်ဆုံးထားပြီး ကစားသမားတွေ စခန်းလာဝင်ကြဖို့နဲ့ မလာရောက်ပါက ကရင်ပြည်နယ်အတွင်း ကျင်းပတဲ့ ဘယ်လို အားကစားပြိုင်ပွဲမှာ မဆို ရာသက်ပန် ကစားခွင့်မပြုဖို့ အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့  ပြည်နယ်အားကာဌာန ညွှန်မှူး စိုးနိုင်ရဲ့ စာမှာဖော်ပြထားပါတယ်။

ရာသက်ပန် ကစားခွင့်ပိတ်ခံရမယ်လို့ ခြိမ်းခြောက်ခံခဲ့ရတဲ့ အမျိုးသမီးဘောလုံး ကစားသမားတွေကတော့ ဘားအံ၊ လှိုင်းဘွဲနဲ့ ကြားအင်းဆိပ်ကြီး ဒေသက အသက် ၂၅ နှစ်အောက် အမျိုးသမီးဘောလုံးကစားသမားတွေ ဖြစ်ကြပါတယ်။ 

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါကပ်ဘေးနဲ့ စစ်တပ်အာဏာသိမ်းမှုတို့ကြောင့် ဘောလုံးအားကစားပြိုင်ပွဲတွေ နည်းပါးသွားသလို   မြန်မာ့အားကစားအခြေအနေဟာလည်း အဆိုးရွားဆုံး အခြေအနေနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။ 

စစ်အာဏာရှင်လက်အောက်မှာ မကစားပေးချင်ကြတဲ့ အားကစားသမားတွေကလည်း  CDM အာဏာဖီဆန် လှုပ်ရှားမှုမှာ ပါဝင်ထားကြပါတယ်။ 

2 mins Ago
Up