တချိန်က အခါးသီးဆုံးပြိုင်ဘက်တွေဖြစ်ကြတဲ့ မက်ဆီနဲ့ ရာမို့စ်တို့ဟာ ပီအက်စ်ဂျီအသင်း လေ့ကျင့်ရေးမှာ အချင်းများမှု ဖြစ်ပွားခဲ့ပါတယ်။
ပီအက်စ်ဂျီအသင်းဟာ ဂျပန်နိုင်ငံမှာ ရာသီကြို ခြေစမ်းပွဲတွေကစားဖို့ လေကျင့်ပြင်ဆင်နေချိန်မှာ တိုက်စစ်မှူး မက်ဆီနဲ့ နောက်ခံလူ ရာမို့စ်တို့ အချင်းများခဲ့ကြတာပါ။
မက်ဆီက ရာမို့စ်ကို ကျော်ဖြတ်ပြီးချိန်မှာ ရာမို့စ်က နောက်ကနေ လှမ်းဆွဲခဲ့ပြီး မက်ဆီက ဘောလုံးရယူပြီး ဂိုးပေါက်ကို ကန်သွင်းခဲ့ပါတယ်။
ဂိုးဝင်သွားပြီးနောက်မှာ မက်ဆီက ရာမို့စ်ဆီကို ပြန်လာပြီး ရန်လိုတဲ့စကားပြောဆိုမှုတချို့ ပြုလုပ်ခဲ့ပါတယ်။
ရာမို့စ်က မက်ဆီရဲ့ ဦးခေါင်းကို ကိုင်ပြီးနှစ်သိမ့်ခဲ့ပြီးနောက်မှာ အချင်းများမှုဟာလည်း ပြီးဆုံးသွားခဲ့ပါတယ်။
ပွဲကြည့်ပရိသတ်တွေ ရှိနေချိန်မှာပဲ အဲဒီလို အချင်းများမှုဖြစ်ခဲ့တာပါ။ တိုက်စစ်မှူး မက်ဆီနဲ့ နောက်ခံလူ ရာမို့စ်တို့ဟာ စပိန်လာလီဂါမှာတုန်းက ဘာစီလိုနာနဲ့ ရီးရဲ့လ်မက်ဒရစ်အသင်းတွေမှာ ကစားခဲ့ပြီး ခါးသီးတဲ့ပြိုင်ဘက်တွေဖြစ်ခဲ့ဖူးပါတယ်။
သူတို့နှစ်ဦးဟာ မနှစ်က သက်ဆိုင်ရာကလပ်တွေကနေ ပီအက်စ်ဂျီအသင်းဆီကို ပြောင်းရွှေ့လာခဲ့ကြလို့ အသင်းဖော်တွေ ဖြစ်လာခဲ့ကြပါတယ်။