close

ရိက္ခာပို့ရေယာဉ်

close

February 13, 2022

မင်းကင်းမြို့နယ် စစ်ကောင်စီတပ်ထံရိက္ခာပို့သည့် ရေယာဉ်ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဖမ်းဆီး

မင်းကင်းမြို့နယ်၊ ပန်းဆက်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဆီ ရိက္ခာပို့ဆောင်တဲ့ ထောက်ပို့ယာဉ်ကို ဖေဖော်ဝါရီ ၁၁ ရက်နေ့က ဖမ်းဆီးခဲ့တယ်လို့ မင်းကင်းပြည်သူ့ကာကွယ်ရေးတပ်က ထုတ်ပြန်ထားပါတယ်။

အဲထောက်ပို့ရေယာဉ်ကို ချင်းတွင်းမြစ်အတွင်းတစ်နေရာမှာ ဖမ်းဆီးခဲ့ပြီး မော်တော်ပေါ်မှာပါရှိတဲ့ စျေးကုန်တွေနဲ့ လူသုံးကုန်၊ စားသောက်ကုန်၊ ရေနံပေပါ၊ အရက်ဖာတွေကို ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

အဲဒီဖမ်းဆီးရမိ ကုန်ပစ္စည်းတွေထဲက အရက်ဖာတွေကိုတော့ ဖျက်ဆီးခဲ့ပြီး ကျန်တာတွေကို ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးခဲ့တဲ့ ကျေးရွာတွေမှာ ပြန်လည်ဝေငှပေးခဲ့တယ်လို့ မင်းကင်းပြည်သူ့ကာကွယ်ရေးတပ် တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ မြို့နယ်က တပ်ရင်း ၁ က ဖမ်းဆီးတာတွေ လုပ်ခဲ့တာပါ။ သတင်းအတိအကျပေး တိုင်ကြား‌တာတွေလည်းရှိတယ်။ သူတို့ကို ဖမ်းဆီးပြီးတော့ စစ်ဆေးတာတွေလည်းလုပ်ခဲ့တယ်။ ပစ္စည်းပိုင်ရှင်နဲ့ မော်တော်ပိုင်ရှင်နဲ့ ဆက်သွယ်စကားပြောထားတဲ့ အသံဖိုင်တွေ၊ ကွန်တက်တွေ အခိုင်မာတွေ့ရတယ်။ ပန်းဆက်ရွာက စစ်ကောင်စီထောက်တိုင်လည်းဖြစ် ပျူစောထီးခေါင်းဆောင်ဖြစ်တဲ့ ခင်မောင်မြင့်နဲ့ ကျော်ပြူးရဲ့ ပစ္စည်းတွေကို ချယူလိုက်တယ်။ အခြားပြည်သူပိုင်ပစ္စည်းတွေ မယူခဲ့ဘူး။ မော်တော်သမားနဲ့ မော်တော်ပိုင်ရှင်တွေလည်း တစ်စုံတစ်ရာ ရန်ပြုတာတွေမလုပ်ခဲ့ဘူးဗျ၊ ကောင်းကောင်းမွန်မွန်နဲ့ ပြန်လွှတ်ပေးခဲ့တယ်။”

အဲဒီသိမ်းဆည်းရမိတဲ့ ကုန်ပစ္စည်းတန်ဖိုး စုစုပေါင်း သိန်း ၁၅၀ ကျော်ဖိုးလောက် ရှိနိုင်တယ်လို့ ဆိုပါတယ်။

အခုလို မင်းကင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီ သတင်းအတိအကျပေးခဲ့တဲ့ တာဝန်သိပြည်သူတွေကိုလည်း အထူးကျေးဇူးတင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

1 min Ago
Up