မွန်ပြည်နယ် ရေးမြို့နယ်ရှိ မြို့ပေါ်ရပ်ကွက်တချို့တွေမှာ အခုရက်ပိုင်း လုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်က ဒေသခံတချို့အား မသင်္ကာမှုနဲ့ ခေါ်ယူရိုက်နှက် စစ်ဆေးတာတွေ ပြုလုပ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
“ညဘက်ဆိုပေမဲ့ အလုပ်က ပြန်လာတာ နောက်ကျတယ်။ လမ်းမှာ စစ်ကောင်စီတပ် ရဲ့လှည့်ကင်းသမားတွေနဲ့ဆုံရင် ညက ၇ နာရီကျော်ပဲ ရှိသေးတယ်၊ ဒါလည်း မသင်္ကာရင် စစ်တယ် ရိုက်တယ်။ အခုချိန်မှာ ဘယ်သူ့ကို ကြောက်ရမှန်းမသိ၊ ၀မ်းစာရေးကလည်းရှိတော့ ဒါကို နားမလည်နိုင်ကြဘူး” လို့ ဒေသခံတားက ပြောပါတယ်။
စစ်ကောင်စီတပ်တွေ အဓိက ရေး -ချောင်းတောင်မြစ်ကူးတံတားလုံခြုံရေး ကင်းစခန်းနဲ့ အနီးနားနေရာတွေဖြစ်တဲ့ ရွှေ့ပြောင်းလုပ်သားတွေ သာမန်လက်လုပ်လက်စားတွေ နေထိုင်တဲ့ အရပ်ဒေသဘက်တွေမှာ ပိုမိုလုံခြုံရေး တင်းကျပ်ပြီး အခုလို ပြုလုပ်နေတာလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ PDF တွေရဲ့ မကြာခဏ အလစ်ငိုက် ဝင်ရောက်တိုက်ခိုက်တာ ခံရလေ့ရှိတာကြောင့် ည ၇ နာရီကျော်တာနဲ့ အရင်ကထက်လုံခြုံရေး တင်းကျပ်ထားတာကြောင့် ဘယ်သူမှ နေအိမ်အပြင်ဘက်တွေ မသွားရဲမလာရဲကြဘူး ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရေးမြို့နယ်မှာ ညမထွက်ရ အမိန့်ကို ည ၈ နာရီကနေ မနက် ၄ နာရီအထိ သတ်မှတ်ထားပြီး ဌာနဆိုင်ရာ ရုံးရှိတဲ့ လမ်းနေရာတွေမှာ ကင်းစခန်းတွေထားရှိကာ ဆိုင်ကယ်စီးနင်းပါက အမျိုးသား ၂ ဦး မစီးရ၊ မလိုက်နာသူတွေကို ရာဇေသတ်ကြီး ပုဒ်မ ၁၈၈ အရ အရေးယူသွားမယ်လို့ စစ်ကောင်စီက ဒေသန္တရအမိန့်ကို ထုတ်ပြန်ထားပါတယ်။
မန္တလေးမြို့ အမရပူရမြို့နယ် တောင်သမာန်အင်း ပတ်လမ်းရှိ လူနေအိမ်တွေကို စက်တင်ဘာလ ၅ ရက် ည ၉ နာရီဝန်းကျင်က စစ်ကောင်တပ်သားတွေ ဝင်ရောက်ရှာဖွေတာတွေ လုပ်နေတယ်လို့ သိရပါတယ်။
အခုလိုရှာဖွေတာဟာ နေ့လယ်ပိုင်းက ဖြစ်ခဲ့တဲ့ စစ်ကောင်စီယာဉ်ဗုံးခွဲ တိုက်ခိုက်ခံခဲ့ရတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်နေပြီး ယောက်ျားလေးတွေကို ရိုက်နှက်စစ်မေးတာတွေရှိတယ်လို့ ဆိုပါတယ်။
“ကန်ပတ်လမ်းရဲ့ အနောက်က လမ်းပေါ်မှာ ရိုက်နှက်ဆဲဆိုတာတွေ လုပ်တယ်။ သွေးထွက်သံယိုတွေပါဖြစ်တယ်လို့ ကြားတယ်။ အဲ့ဒီနားမှာ စစ်သားတွေအော်ဆဲနေကြတယ်။ မနိုင်နိုင်ရာ မဲတဲ့ပုံစံနဲ့။” လို့ အနီးပတ်ဝန်းကျင်ရှိ ဒေသခံတစ်ဦးက ပြောပါတယ်။
တောင်သမာန်အင်း ပတ်လမ်းမှာ စစ်ကောင်စီ ယာဉ်ဗုံးခွဲ တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး အနည်းဆုံး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။