ထိုင်းနိုင်ငံ၊ ဘန်ကောက်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက မြန်မာရွှေ့ပြောင်းလုပ်သား အမျိုးသမီး ၁ ဦးက အသက် ၅ နှစ်ရွယ်သမီးကို အပြင်းအထန်ရိုက်နှက်ပြီး ထွက်ပြေးသွားလို့ အိမ်နီးနားချင်းတွေက အရေးပေါ်လူနာတင်ကားနဲ့ ရဲကိုတိုင်ကြားခဲ့ကြောင်း ဧပြီ ၂၉ ရက် ထိုင်းရတ်တီဗွီသတင်းမှာ ဖော်ပြပါတယ်။
ထုန့်ခရူးနယ်မြေ ပချားဦထစ်လမ်းသွယ် ၂၇ မှာ ငှားနေတဲ့ အသက် ၂၈ နှစ်ရွယ် မြန်မာမိခင်တဦးဟာ ခင်ပွန်းဖြစ်သူ အလုပ်ပြုတ်လို့ စိတ်ညစ်နေစဉ် နောင့်ဒါးလို့ခေါ်တဲ့ ၅ နှစ်အရွယ် သမီးလေးက ဆော့ကစားရင်း မိခင်ရဲ့အပ်ချုပ်စက်ပျက်အောင်လုပ်လို့ အမေက စိတ်ဆိုးပြီး အလွန်အကျွံ ရိုက်နှက်ခဲ့ပါတယ်။
ရိုက်နှက်ခံရတဲ့ ကလေးဟာ မျက်လုံးနှစ်ဖက်လုံး ဖွင့်မရအောင် ရောင်ကိုင်းနေပြီး မျက်နှာနဲ့ ခန္ဓာကိုယ်တွေမှာလည်း အရိုက်ခံထားရတဲ့ ဒဏ်ရာတွေနဲ့ ပြည့်နေလို့ အိမ်နီးနားချင်းတွေက မနေနိုင်တော့ဘဲ ၁၆၆၉ အရေးပေါ်လူနာတင်ကားနဲ့ ရဲစခန်းကိုပါ တိုင်ကြားခဲ့ပါတယ်။
တာဝန်ရှိသူတွေ ရောက်လာတဲ့အခါမှာ ကလေးငယ်ရဲ့ မျက်နှာအပြင် နောက်ကျောနဲ့ ခြေထောက်တွေမှာပါ ရိုက်နှက်ရာတွေ စစ်ဆေးတွေ့ရှိပါတယ်။
အသက် ၃၄ နှစ်ရွယ် ကလေးရဲ့ဖခင်နဲ့ အန်တီလေးဖြစ်သူက ကလေးအမေဟာ စိတ်ဆတ်၊ စိတ်တိုလွယ်ပြီး ကလေးကို အမြဲရိုက်တတ်ကြောင်း၊ အဲဒီဒဏ်ရာတွေဟာ ဒဏ်ရာဟောင်းနဲ့ ဒဏ်ရာသစ်တွေဖြစ်တယ်၊ တံမြက်စည်း၊ အင်္ကျီချိတ် စတဲ့ တွေ့ကရာပစ္စည်းနဲ့ ရိုက်ကြောင်း၊ ခေါင်းကိုကိုင်ပြီး နံရံနဲ့ဆောင့်တတ်သလို ခြေထောက်ကဒဏ်ရာကတော့ မီးပူနဲ့ကပ်တာလို့ ဆိုပါတယ်။
ကလေးအဖေက ဝင်ရောက်တားဆီးတဲ့အခါ လင်မယားရန်ဖြစ်လေ့ရှိကြောင်း၊ ဒီတခေါက်မှာတော့ ကလေးကိုရိုက်တာ လွန်လွန်းပြီး မိန်းမနဲ့ပါသွားတဲ့ ၆ လသားအရွယ် ကလေးအတွက်ပါ စိုးရိမ်တယ်၊ အဲဒီကလေးကို ပြန်ရရင် သူ့အမေကို ကွာရှင်းပြီး ကလေး ၂ ယောက်လုံးကို သူ့ဘာသာပဲ ရှာကျွေးမယ်လို့ ကလေးအဖေက ရဲကိုပြောပါတယ်။
တာဝန်ရှိသူတွေက ကလေးကို ကျရိန်းကွန်းဆေးရုံမှာ ကုသပေးနေပြီး ထွက်ပြေးနေတဲ့ မိခင်ကိုလည်း စုံစမ်းရှာဖွေခဲ့ပါတယ်။
ကလေးအမေဟာ ချွန်းဖွန်းခရိုင်မှာ အမတယောက်ရှိပြီး အဝေးပြေးကားဂိတ်မှာ လက်မှတ်ဝယ်ခဲ့တယ် ဆိုတာကို သိရတဲ့နောက် စစ်ဆေးရေးဂိတ်အဆင့်ဆင့်ကို အကြောင်းကြားရာမှာ ပရကျုပ်ခီရီခန်ခရိုင်ကားဂိတ်မှာ ကားရပ်နားစဉ် ဖမ်းဆီးရမိခဲ့ပါတယ်။
အဲဒီနောက် ရတ်ပူရနနယ်မြေရဲစခန်းက ကလေးအမေကို အရွယ်မရောက်သေးတဲ့ ကလေးသူငယ်အား ညှဉ်းပန်းနှိပ်စက်မှုနဲ့ ဖမ်းပြီး အမှုဖွင့်ထားတယ်လို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ် ၁ ရပ်ကွက်၊ မြတ်လေးလမ်းနဲ့ စိန်ပန်းမြိုင်လမ်းထောင့်မှာ မတ် ၂၂ ရက် ညက ပရိုဘောက် တက္ကစီယာဉ်မောင်းအား အမျိုးသား ၅ ဦးက ရိုက်နှက်ပြီး ကားကို လုယူသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
အဲဒီလုယက်သွားတဲ့ အမျိုးသား ၅ ဦးက အင်းစိန်မြို့နယ် စီးတီးမတ်အရှေ့ကနေ ပုလဲအိမ်ရာအထိ ငှားရမ်းခဲ့တာဖြစ်ပြီး သတ်မှတ်ထားတဲ့နေရာကို ရောက်ပေမဲ့ တခြားနေရာကို ဆက်မောင်းခိုင်းကာ လူပြတ်တဲ့နေရာအရောက်မှာ ယာဉ်မောင်းဖြစ်သူကို ကြိုးနဲ့ လည်ပင်းကိုချုပ်ပြီး ထိုးကြိတ်ကာ ကားနဲ့ ပိုက်ဆံအိတ်အပြင် ဖုန်းကို လုယက်သွားတယ်လို့ ပုလဲမြို့သစ် အရန်မီးသတ်ဌာန တာဝန်ရှိသူက ပြောပါတယ်။
ရိုက်နှက်ခံရတဲ့ ယာဉ်မောင်းဖြစ်သူက မျက်နှာမှာ အပြင်းအထန် ဒဏ်ရာရရှိခဲ့တဲ့အတွက် မြောက်ဥက္ကလာပဆေးရုံကို ပို့ဆောင်ပေးခဲ့ရပြီး ထောက်ကြန့်ရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ မတ် ၁၂ ရက်ကလည်း ပုလဲမြို့သစ်မှာ အခုလို ယာဉ်မောင်းကို အုပ်စုဖွဲ့ရိုက်နှက်ပြီး ကားကိုလုယူတဲ့ ပုံစံတူဖြစ်စဉ်မျိုး ဖြစ်ပွားခဲ့တာရှိကာ အခုလို လုယက်မှု ကျူးလွန်သူတွေကိုတော့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခြင်း မရှိသေးပါဘူး။