ရခိုင်ပြည်နယ်၊ မောင်တောဒေသမှာ ၂၀၁၇ အကြမ်းဖက်ဖြစ်စဥ်ကြောင့် ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးသွားသူတွေကို မြန်မာဘက်က ပြန်လည်လက်ခံရေး အဆင်သင့်ဖြစ်နေကြောင်း စစ်ကောင်စီခန့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်နဲ့ အဖွဲ့က နိုင်ငံတကာသံအမတ် ၂၀ ကျော်ကို မောင်တောဒေသမှာ မတ် ၈ က ခေါ်ယူပြသခဲ့ပါတယ်။
အိန္ဒိယ၊ ဂျပန်၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ်၊ ကိုရီးယား စတဲ့ သံတမန် ၂၀ ကျော်ကို မောင်တောဒေသရှိ ငါးခူရ ပြန်လည်လက်ခံရေးစခန်းနဲ့ လှဖိုးခေါင် ယာယီပြန်လည်လက်ခံရေး ၂ ခုကို မတ် ၈ ရက် နေ့လယ်က ခေါ်ယူပြခဲ့တာလည်း ဖြစ်ပါတယ်။
အုပ်ချုပ်ရေးတာဝန်ရှိတဦးက “အဓိက ကတော့ မြန်မာဘက်က ပြန်လည်လက်ခံရေးအတွက် အဆင်သင့်ဖြစ်နေကြောင်း နိုင်ငံတကာကို သက်သေပြချင်တဲ့သဘောပါ။ သူနဲ့ သံတမန်တွေ လှဖိုးခေါင်နဲ့ ငါးခူရ ပြန်လည်လက်ခံရေး စခန်း ၂ ကိုသွားပြီး ပြန်သွားကြတယ်”လို့ ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်ဘက် နေရပ်စွန့်ခွာ ထွက်ပြေးသွားသူတွေကို ပြန်လည်လက်ခံရေး မတ် ၁၃ ရက်မှာ ပြုလုပ်သွားမယ်လို့ သတင်းထွက်ပေါ်နေပေမဲ့ လက်ရှိမှာ မဖြစ်နိုင်သေးဘူးလို့ အုပ်ချုပ်ရေးတာဝန်ရှိသူတွေက ဆိုပါတယ်။
“လက်ရှိမှာ လက်ခံရေးလုပ်ဖို့တော့ မဖြစ်နိုင်သေးဘူးဗျ။ မြန်မာဘက်က ဘယ်လောက် အဆင်သင့်လုပ်လုပ် ဘင်္ဂလားက ပြန်လာမယ့်သူတွေက ပြန်မလာချင်ရင် ဘာမှလုပ်မရဘူး။”
စစ်ကောင်စီဝန်ကြီး ဦးကိုကိုလှိုင်နဲ့အဖွဲ့ဟာ ဖေဖော်ဝါရီ ၇ ရက်ကလည်း ရခိုင်ပြည်နယ် တောင်ပြို ပြန်လည်လက်ခံရေးစခန်း၊ ငါးခူရပြန်လည်လက်ခံရေးစခန်းနဲ့ လှဖိုးခေါင် ယာယီပြန်လည်လက်ခံရေးစခန်းတွေကို သွားရောက်လေ့လာခဲ့ပါသေးတယ်။
ဦးကိုကိုလှိုင်နဲ့ အဖွဲ့ဟာ ရိုဟင်ဂျာလူမျိုးတုံး သတ်မှုနဲ့ မြန်မာနိုင်ငံအပေါ် စွဲထားတဲ့ ICJ နိုင်ငံတကာတရားရုံးအမှုမှာ ပြန်လည်ချေပရေးအတွက် မောင်တောနဲ့ ဘူးသီးတောင်ဒေသခံ ရခိုင်၊ မွတ်ဆလင်၊ ဟိန္ဒူ ၃၀ ခန့်ကို ၂၀၂၀ ပြည့်နှစ်က စစ်တွေဟိုတယ်မှာ ခေါ်ယူမေးမြန်း စစ်ဆေးခဲ့ပြီး သူတို့ထွက်ဆိုချက်တွေကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်မှာ ဦးကိုကိုလှိုင်နှင့်အဖွဲ့က ကျမ်းကျိန် လက်မှတ်ထိုးခိုင်းခဲ့ပါတယ်။
ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်မှာ ဒီဇင်ဘာ ၂၀ ရက် မနက်ပိုင်းက ရင်ခွင်ပိုက် လသား ကလေးငယ် အပါအဝင် ရိုဟင်ဂျာ ၁၀၀ ကျော်ကို စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့တွေက ဖမ်းဆီးခဲ့တယ်လို့ ရဲတပ်ဖွဲ့ကနေ သိရပါတယ်။
ကဒုံကနိကျေးရွာအုပ်စု ကဒုံးလေးကျွန်းအနီးမှာ စက်လှေ ဝမ်းဗိုက်ပေါက် သောင်တင်နေစဉ် စက်လှေပေါ်ကနေ ရိုဟင်ဂျာ ၁၁၂ ယောက်ကို ဘိုကလေးမြို့မ ရဲစခန်းက သွားရောက်ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးက “ရခိုင်ပြည်နယ်ကနေ မလေးရှားကို ထွက်မယ့် သင်္ဘောက ဒုံးလေးကျွန်းနားမှာ စက်လှေ ဝမ်းဗိုက်ပေါက် သောင်တင်နေတာကို လှမ်းသတင်းပို့လို့ သွားဖမ်းတာ။ လသားကလေးတွေကော အသက်မပြည့်သေးတဲ့ ကလေးတွေကော အားလုံးပေါင်း ၁၁၂ ယောက် ဖမ်းမိတယ်”လို့ ပြောပါတယ်။
လတ်တလော စက်လှေပေါ်ကနေဖမ်းဆီးမိတဲ့ လသား ကလေးငယ် ၃ ဦး အသက်မပြည့်သေးတဲ့ ၁၈ နှစ်အောက် ကလေးငယ် ၁၂ ဦး၊ အမျိုးသား ၅၇ ဦး၊ အမျိုးသမီး ၄၃ ဦး၊ စုစုပေါင်း ၁၁၂ ဦးတို့ကို ဘိုကလေးမြို့မရဲစခန်းမှာ ထိန်းသိမ်းထားပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလပိုင်းကလည်း ဖျာပုံခရိုင် အမာမြို့နယ်ခွဲအတွင်းမှာ စက်လှေပျက်လို့ မျောပါလာတဲ့ ရိုဟင်ဂျာ ကလေးငယ် အပါအဝင် အမျိုးသား၊ အမျိုးသမီး ၄၈ ဦး ဖမ်းဆီးခံခဲ့ရပါသေးတယ်။