close

ရိုးရာယဉ်ကျေးမှု မူပိုင်ခွင့်

close

February 2, 2023

ထိုင်းနှင့်ကမ္ဘောဒီးယား လက်ဝှေ့အပါအဝင် ရိုးရာယဉ်ကျေးမှု မူပိုင်ကိစ္စ အငြင်းပွား

လတ်တလော ထိုင်းနဲ့ ကမ္ဘောဒီးယားနှစ်နိုင်ငံအကြား ရိုးရာကိုယ်ခံပညာလက်ဝှေ့ အပါအဝင် ဆင်တူတဲ့ ယဉ်ကျေးမှုရိုးရာမူပိုင်ဆိုင်ရာ အငြင်းပွါးမှုတွေ လူမှုကွန်ရက်မှာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေပါတယ်။

လာမယ့်မေလထဲ ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပမယ့် ၃၂ ကြိမ်မြောက် ဆီးဂိမ်းစ် အားကစားပွဲတော်မှာ မွေထိုင်းဆိုတဲ့ ရိုးရာလက်ဝှေ့ထိုးပွဲအမည်ကို ကမ္ဘောဒီးယား ဆီးဂိမ်းစ်ပြိုင်ပွဲကျင်းပရေးကော်မတီက Kum Khmer ( ကွမ်းခမာ ကမ္ဘောဒီးယားရိုးရာလက်ဝှေ့) အဖြစ် အမည်ပြောင်းလဲလိုက်ရာက အငြင်းပွားမှုတွေ စတင်ခဲ့တာဖြစ်ပါတယ်။ 

ဒီကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံတကာမွေးထိုင်းလက်ဝှေ့သမဂ္ဂ ( IFMA ) က ဆီးဂိမ်းစ်ပြိုင်ပွဲမှာ ပါဝင်မယ့်အားကစားအမည်နာမတွေကို ပြောင်းလဲလိုပါက နိုင်ငံတကာ အိုလံပစ်အားကစားအဖွဲ့ ( IOC )ကိုတင်ပြသင့်ကြောင်း၊ မွေထိုင်းဟာ နိုင်ငံတကာမှာထင်ရှားပြီး ဆီးဂိမ်းပြိုင်ပွဲထဲမှာ ပါဝင်ယှဉ်ပြိုင်ရမယ့် စည်းကမ်းချက်တွေဟာလည်း မွေထိုင်းစည်းကမ်းချက်တွေအတိုင်းဖြစ်လို့  အမည်ပြောင်းဖို့ မသင့်လျော်ကြောင်း  ထောက်ပြခဲ့တယ်လို့ ဆိုပါတယ်။ 

ဒါပေမယ့် ကမ္ဘောဒီးယားဘက်ကတော့ လက်ဝှေ့ထိုးခြင်းဟာ ကမ္ဘောဒီးယားတို့ရဲ့ ရှေးရိုးရာ ကိုယ်ခံပညာအားကစားနည်းဖြစ်လို့ Kum Khmer (ကွမ်းခမာ) ဆိုတဲ့အမည်ကိုပဲ သုံးမယ်လို့ အ ကြောင်းပြန်ခဲ့ပါတယ်။ 

ဒါကြောင့် မွေထိုင်းလက်ဝှေ့သမဂ္ဂက ကန့်ကွက်တဲ့အနေနဲ့ အဆိုပါလက်ဝှေ့ထိုးပြိုင်ပွဲမှာ ထိုင်းနိုင်ငံက ဝင်မပြိုင်ဖို့ ဆုံးဖြတ်လိုက်သလို ကမ္ဘောဒီးယားဘက်ကလည်း လာမယ့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်အလှည့်ကျကျင်းပမယ့် ဆီးဂိမ်းမှာ သူတို့ဆီက လက်ဝှေ့ပြိုင်သမားတွေ စေလွှတ်မှာမဟုတ်ဘူးလို့ တုံ့ပြန်ခဲ့ပါတယ်။

ဒီသတင်းထွက်ပေါ်တဲ့နောက် နှစ်ဘက်နိုင်ငံလူမှုကွန်ရက်မှာ ရိုးရာလက်ဝှေ့အားကစားဟာ ဘယ်ခေတ်၊ ဘယ်အခါဘယ်သူလက်ထက်ကစတင်ခဲ့တယ်ဆိုတဲ့ အထောက်အထားတွေ ရှာဖွေတင်ပြလာကြပြီး ဘယ်သူကပိုပြီးရှေးကျတယ် ဘယ်သူက ဘယ်သူ့ကိုတုပတယ်ဆိုတဲ့ အငြင်းပွါးမှုတွေ ထွက်ပေါ်လာပါတယ်။  

ကမ္ဘောဒီးယားလူမှုကွန်ရက်မှာလည်း ထိုင်းဟာ ကမ္ဘောဒီးယားဆီက ရိုးရာလက်ဝှေ့အား ကစားကို တုပယူထားသလို ထိုင်းနာမည်ကြီးလက်ဝှေ့သမား ဘိုခေါဝ်ဟာလည်း ကမ္ဘောဒီးယားလူမျိုးဖြစ်ကြောင်း၊ ဒါ့အပြင် ထိုင်းနိုင်ငံက ဆင်နောက်ခံနဲ့ လက်ဝှေ့ထိုးနေတဲ့ပုံကို BOKATOR ဆိုတဲ့ ကမ္ဘောဒီးယားလက်ဝှေ့ဆိုတဲ့ စာတန်းနဲ့ပိုစတာတွေ ပျံ့နှံ့နေတယ်လို့ ဆိုပါတယ်။

ထိုင်းသတင်းထောက်က ဘိုခေါဝ်ကို မေးမြန်းရာမှာ ဘိုခေါဝ်ကတော့ သူဟာ ကမ္ဘောဒီးယားမဟုတ်၊ ကွီတိုင်းရင်းသားသာဖြစ်တယ်၊ လက်ဝှေ့ပညာကိုလည်း ထိုင်းဆရာတွေဆီကသာ လေ့ကျင့်သင်ယူခဲ့တယ်လို့ ဖြေပါတယ်။

အလားတူ ကမ္ဘောဒီးယားလက်ဝှေ့ပိုစတာနဲ့ ပတ်သက်လို့ ခူးဝေါင်းမာနုဖုန်းဆိုသူ လက်ဝှေ့ သမားက အဆိုပါပုံဟာ သူ့ပုံဖြစ်ကြောင်း၊ မနှစ်က   ထိုင်းအရှေ့မြောက်ပိုင်း ဆူရင်း ခရိုင်ဆင်စခန်းမှာ သွားရောက်ရိုက်ကူးထားတာဖြစ်ပြီး သူဟာ ထိုင်းမိဘကနေ ထိုင်းမှာ မွေးတဲ့ ထိုင်းနိုင်ငံသားစစ်စစ်ဖြစ်တယ်၊ သူနဲ့ သူ့ဓာတ်ပုံဟာ ကမ္ဘောဒီးယားနဲ့ ဘယ်လိုမှ မဆက်စပ်ဘူးလို့ ဖြေကြားခဲ့ပါတယ်။

လတ်တလော ကမ္ဘောဒီးယားလက်ဝှေ့သမားဘောင်းဘီရှေ့မှာ ထိုင်းအစိုးရဌာနဆိုင်ရာ လိုဂိုတံဆိပ် ဂဠုန်ပုံကို ထည့်သွင်းထားတာလည်း ထိုင်းလူမျိုးတွေကို ပိုမိုဒေါသထွက် စေပါတယ်။ 

မူပိုင်အငြင်းပွါးနေတာမှာ လက်ဝှေ့သာမက ခွန်လို့ခေါ်တဲ့ မျက်နှာဖုံးစွပ်အက ၊ သင်္ကြန်ရေသဘင်ပွဲ ၊ ကရဝိတ်ဖောင်ပုံစံ၊ မုံ့လုံးရေပေါ်၊ ကျက္ကရီနန်းတွင်းအမျိုးသမီးဝတ်တဘက်ရင်လွှားဝတ်စုံ၊ ဘုန်းကြီးကျောင်းစုလျစ်မွန်းချွန်ကနုတ်ပန်း စတာတွေလည်း ပါဝင်ပါတယ်။ 

ဒါ့အပြင် ကမ္ဘာကျော် အမျိုးသမီးအဆိုတော် လီဆာဟာလည်း ကမ္ဘောဒီးယားအနွယ်ဖြစ်ပြီး သူရဲ့ကျော်ကြားတဲ့  LALISA MV ထဲက ဘူရီရမ်မုခ်ဦးပုံမှာ ခမာ(ကမ္ဘောဒီးယား) လက်ရာဖြစ်တယ်လို့ ကမ္ဘောဒီးယားလူ မှုကွန်ရက်တွေမှာ ပြောလာပြန်ပါတယ်။ 

အခုလိုအငြင်းပွါးနေတာတွေနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံဆိုင်ရာ အာဂျင်တီးနားအငြိမ်းစား သံမှူးဖြစ်သူနရိတ်သ်ရို့တ် ဖို့ရဘင်ကတော့  ထိုင်းနဲ့ ကမ္ဘောဒီးယားနိုင်ငံဟာ ရှေးနှစ် ပေါင်းများစွာကတည်းက နယ်နိမိတ်ထိစပ် အိမ်နီးချင်းနိုင်ငံဖြစ်သလို နှစ်နိုင်ငံပြည်သူတွေလည်း ကူးလူးဆက်ဆံနေတာကြောင့် တူညီတဲ့ ရိုးရာယဉ်ကျေးမှု၊ ဝတ်စားဆင်ယင်မှု၊  ပွဲလမ်းသဘင်၊ အားကစားနဲ့ အစားအစာတွေလည်းရှိကြောင်းပြောပါတယ်။

နယ်စပ်ပြည်သူတွေမှာလည်း  ရွှေ့ပြောင်းနေထိုင်တာ၊ လက်ထပ်ထိမ်းမြားတာကြောင့် ဆွေမျိုးရင်း ချာတွေဖြစ်သွားသလို နိုင်ငံသားခံယူတာတွေလည်းရှိကြောင်း၊ လက်ဝှေ့၊ သင်္ကြန်ရေသဘင် စတာတွေဟာ ထိုင်းနဲ့ ကမ္ဘောဒီးယားတင်မက လာအို၊ မြန်မာစတဲ့ အရှေ့တောင်အာရှ အိမ်နီးချင်းနိုင်ငံတွေမှာလည်းရှိပြီး မိမိရိုးရာကို မိမိဒေသနဲ့ လိုက်လျောညီထွေမြှင့်တင်မှုနဲ့ တီထွင်ဆန်းသစ်မှုပေါ်မှာသာကွာခြားသွားတာလို့ TOP NEWS အင်တာဗျူးမှာ ပြောပါတယ် ။ 

အိမ်နီးချင်းနိုင်ငံမသင့်မြတ်ရင် နေအိမ်လိုတခြားကို ပြောင်းရွှေ့လို့ရတဲ့အရာမဟုတ်တာကြောင့် ကိုယ်ပိုင်သူပိုင် မူပိုင်ကိစ္စအငြင်းပွါးပြီး အနုတ်လက္ခဏာဖန်တီးနေမယ့်အစား တူညီတဲ့ယဉ်ကျေးမှုပေါ်အခြေခံပြီး အတူတကွဆင်နွှဲကာ ချစ်ကြည်ရင်းနှီးမှု၊ စည်းလုံးမှုတွေသာ တည်ဆောက်သင့်တယ်လို့  TOP NEWS  ဆွေးနွေးခန်းမှာ ပြောသွားပါတယ်။

51 seconds Ago
Up