မန္တလေး၊ မဟာအောင်မြေမြို့နယ်၊ (၈၆ × ၈၇)လမ်းနဲ့ (၃၉× ၄၀) လမ်းကြားမှာရှိတဲ့ မဟာအောင်မြေ ကျောက်မျက်ရောင်းဝယ်ရေးစခန်း ကျောက်ဝိုင်းမှာ ဧပြီ ၂၄ ရက်မနက်က ကျောက်ကုန်သည် တရုတ်လူမျိုးနဲ့ မြန်မာကျောက်ပွဲစားတို့ စကားများကြပြီး ရုန်းရင်းဆန်ခတ် ဖြစ်ပေါ်ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
မနက် ၁၀ နာရီလောက်မှာ မြန်မာအမျိုးသား ပွဲစားတစ်ဦးက ကျောက်စိမ်းလာရောင်းရာ တရုတ်လူမျိုး ကျောက်ကုန်သည်က ကျောက်ကို ဈေးသတ်မှတ်လိုက်ပေမဲ့ မဝယ်ယူဘဲ ငြင်းဆန်တဲ့အပြင် ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့တယ်လို့ သိရပါတယ်။
ကျောက်ပွဲစားတစ်ဦးက "မြန်မာကျောက်ဈေးကွက်မှာက ဈေးပေးပြီး မဝယ်ရင် ကျင့်ဝတ်အရ မရဘူး။ ဥပဒေလိုမျိုး သတ်မှတ်ထားတာတော့ မဟုတ်ပါဘူး၊ ကျောက်ကို ဝယ်သူဘက်က ဈေးပေးပြီးပြီ ပိုင်ရှင်ကလည်း ရောင်းမယ်ဆိုရင် ဝယ်သူဘက်က ယူကို ယူရတာ။ ရောင်းသူဝယ်သူကြားက စည်းကမ်းလို ဖြစ်နေတာ၊ ဒါကို တရုတ်က မသိဘဲ လုပ်တာလား၊ သိသိကြီး လုပ်တာလားတော့ မသိဘူး။ မြင်လိုက်တဲ့သူတွေက တရုတ်ကနေ ကျောက်ကြည့်မီးနဲ့ အရင်ထိုးလိုက်တာလို့ ပြောတယ်။ တရုတ်ဘက်က သုံးယောက်ပါတယ်" လို့ ပြောပါတယ်။
စကားများကြရာမှ တရုတ်ကျောက်ကုန်သည်ရဲ့ လုပ်ရပ်ကို မကျေနပ်တဲ့ ဒေသခံကျောက်ပွဲစားတွေက တရုတ်လူမျိုးဆိုင်နေရာကို ဝိုင်းလာကြပြီး ဖြေရှင်းပေးဖို့ လူစုလူဝေးနဲ့ တောင်းဆိုတဲ့အခါ ဆိုင်ဝန်ထမ်းအမျိုးသမီး ၂ ဦးက တောင်းပန်နေတာကို တွေ့ရပါတယ်။
တရုတ်လူမျိုးက သေနတ်နဲ့ ထုတ်ချိန်လိုက်တယ်ဆိုတဲ့ ကောလာဟလကြောင့် ဒေသခံတွေ ပိုမိုစုဝေးလာကြပြီး စစ်ကောင်စီရဲ ၄ ယောက်လည်း သေနတ်အသင့်ချိန် အနေအထားနဲ့ ရောက်လာတယ်လို့ သိရပါတယ်။
ကျောက်ဝိုင်းမှာ ရှိနေသူတစ်ဦးက "တရုတ် ၃ယောက်က မြန်မာပွဲစားတယောက်ကို အရင် ထိုးတာ။ အဲ့တာကို မြန်မာပွဲစားတွေက သိသွားတာ၊ တရုတ်ဆိုင်ရှေ့မှာ သူ့ကို ထုတ်ပေးလို့ အော်နေကြတာ မထုတ်ပေးရဲဘူး၊ သူတို့လည်း မနိုင်တော့ ရဲကို ခေါ်လိုက်ကြတယ်။ ရဲ ၄ ယောက်လာတယ်၊ လာလာချင်း သေနတ်တွေ မောင်းဆွဲလိုက်တော့ လူအုပ်က ပစ်ပြီ ထင်ပြီး ပြန်ပြေးကြတာ၊ ခိုက်မိသူတွေလည်း ရှိတယ် " လို့ ပြောပါတယ်။
အချင်းများတဲ့ တရုတ်ဆိုင်ခန်းက ပိတ်သိမ်းထားပြီး တခြားတရုတ်ဆိုင်တချို့ပါ ခေတ္တပိတ်သိမ်းသွားကာ နေ့လယ်မှာ ကျောက်ဝိုင်းက အခြေအနေပုံမှန်ဖြစ်သွားတယ်လို့ သိရတဲ့အပြင် ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ကျောက်မျက်ဈေးကော်မတီဘက်က ထုတ်ပြန်တာမျိုး မတွေ့ရသေးပါဘူး။
ပီရူးနိုင်ငံမြို့တော် လီမာက ဆန္ဒပြပွဲတွေအတွင်း အစိုးရဆန့်ကျင်သူတွေနဲ့ ရဲတပ်ဖွဲ့အကြား ဖေဖော်ဝါရီ ၉ ရက်ညပိုင်းမှာ ရုန်းရင်းဆန်ခတ် ထပ်မံဖြစ်ပွားခဲ့ကြပါတယ်။
သမ္မတဟောင်း ပီဒရိုကတ်စတီလို ဖြုတ်ချခံရမှုကြောင့် နိုင်ငံတဝန်းမှာ အစိုးရဆန့်ကျင်ဆန္ဒပြပွဲတွေ ဖြစ်ပေါ်နေတာ ၂ လတာ ကြာမြင့် နေပါပြီ။
ဆန္ဒပြသူတွေက ကတ်စတီလို လွတ်မြောက်ရေးနဲ့ ကတ်စတီလိုနေရာမှာ ဆက်ခံခဲ့တဲ့ လက်ရှိသမ္မတ ဒီနာဘိုလူအာတာ နုတ်ထွက်ရေးအပြင် ကွန်ဂရက်လွှတ်တော်ကိုပါ ရပ်နားဖို့ တောင်းဆိုနေကြတာပါ။
နိုင်ငံတောင်ပိုင်း ဟူလီယာကာမြို့က ဆန္ဒပြသူတွေဟာလည်း ဒီမြို့မှာ လူ ၁၉ ဦး သေဆုံးခဲ့ရတဲ့ အဓိကရုဏ်းဖြစ်ရပ်တွေ တစ်လပြည့်တဲ့ အထိမ်းအမှတ်အနေနဲ့ လမ်းတွေ ပေါ်တက်ကာ ဆန္ဒပြခဲ့ကြပါတယ်။
ဆန္ဒပြသူတွေရဲ့ လမ်းပိတ်ဆို့မှုဒဏ် ခံရတဲ့ ပီရူးပြည်သူတွေအတွက် လူသားချင်းစာနာ ထောက်ထားမှုအကူအညီတွေ ပေးပို့ဖို့ စစ်တပ်က ပြင်ဆင်ခဲ့ပါတယ်။
ကာကွယ်ရေးဝန်ကြီး ဟိုဟေး ချာဗက်စ်က ဆုံးဖြတ်ချက်တွေချမှတ်ရာမှာ နိုင်ငံရဲ့အကျိုးစီးပွားကို အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်မယ်ဆိုတာမျိုး နှလုံးသွင်းထားဖို့ လွှတ်တော်ကို တောင်းဆိုခဲ့ပါတယ်။
ဒီနာဘိုလူအာတာရဲ့ ဖိအားပေးမှုတွေ ရှိနေပေမယ့် ကွန်ဂရက်လွှတ်တော်ကလည်း ရွေးကောက်ပွဲ ကို ရှေ့တိုးကျင်းပဖို့ သဘောတူညီမှု မရနိုင်ဘဲ ပျက်ကွက်နေဆဲဖြစ်ပါတယ်။