ဒါရိုက်တာ ကိုပေါက် ရိုက်ကူးထားတဲ့ 'မသောက်မိသော မိုးခါးရေ' ဖြစ်ရပ်မှန် ရုပ်ရှင်ဇာတ်လမ်းတိုကို အောက်တိုဘာ ၁၇ ရက်မနက်က ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့ရှိ ဆာသူးလေ မြန်မာရွှေ့ပြောင်း အထက်တန်းကျောင်းမှာပြသရာမှာ ကျောင်းသူကျောင်းသားတွေ ထောင်နဲ့ချီပြီး စိတ်ဝင်တစား ကြည့်ရှုအားပေးခဲ့ကြပါတယ်။
ဒီရုပ်ရှင်ဇာတ်လမ်းတိုရဲ့ ရည်ရွယ်ချက်၊ ရုပ်ရှင်ရိုက်ကူးဖြစ်ရတဲ့အကြောင်းရင်းနဲ့ ခံစားချက်တွေကိုလည်း ဒါရိုက်တာ ကိုပေါက်က အွန်လိုင်းကတဆင့် ပြောကြားခဲ့ပြီး ရွှေ့ပြောင်းကျောင်းသူကျောင်းသားတွေရဲ့ မေးမြန်းချက်တွေကိုလည်း ဖြေကြားခဲ့ပါတယ်။
'မသောက်မိသော မိုးခါးရေ' ရုပ်ရှင်ကို ဂျပန်၊ တောင်ကိုရီးယား၊ ဩစတြေးလျ၊ ယူကေစတဲ့ နိုင်ငံအသီးသီးမှာလည်း ပြသနေတာဖြစ်ပါတယ်။
လာမယ့် ၂၀၂၃ ခုနှစ်မှာလည်း မြန်မာနိုင်ငံရေးနဲ့ပတ်သက်တဲ့ ရုပ်ရှင်ဇာတ်ကားတွေကို ဆက်လက် ရိုက်ကူးသွားဖို့ရှိနေတယ်လို့ ဒါရိုက်တာကိုပေါက်က ပြောပါတယ်။
မြန်မာရုပ်ရှင်ဒါရိုက်တာ ကိုပေါက် ရိုက်ကူးတဲ့ တော်လှန်ရေး ရန်ပုံငွေ ရုပ်ရှင်ဇာတ်လမ်းတို-“မသောက်မိသော မိုးခါးရေ” ကို ယူကေနိုင်ငံမြို့တော် လန်ဒန်မှာ မနေ့က အောက်တိုဘာ ၂ ရက်မှာ ပွဲဦးထွက်ပြသခဲ့ပြီး ရုံပြည့်ရုံလျှံ အားပေးကြည့်ရှုခဲ့ကြတယ်လို့ သိရပါတယ်။
ဒါရိုက်တာ ကိုပေါက်ကတော့ “ဒီနေ့ညမှာ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့မှာ ထိုင်ခုံ ၄၀၀ ကုန်သွားလို့ အပိုခုံထိုးပြပေးရမယ်လို့ တာဝန်ရှိသူတွေက ပြောလာတော့ ကျနော် ပျော်ရတယ်။ အနုပညာသမား ဆိုတော့ ပရိသတ်တွေနဲ့ပဲ တွေ့ချင်တာပါ။ မကြာခင် ဆန္ဒတွေပြည့်တော့မယ် ထင်ပါတယ်။ ဒီညတော့ လန်ဒန်မှာ မိုးခါးရေမသောက်မယ့်သူတွေ တွေ့ကြမယ့်ပွဲကို ရင်ခုန်နေပါတယ်။”လို့ ဆိုပါတယ်။
ဒီရုပ်ရှင်ပြပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ယူကေနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်တွေ ဖြစ်တဲ့ ဦးမောင်မောင်အောင်နဲ့ ဒေါက်တာသက်ကိုကိုတို့ တက်ရောက်ခဲ့ပြီး ရုပ်ရှင်ပြပွဲဖြစ်မြောက်ရေးနဲ့ ပတ်သက်ပြီးတော့ အဖွင့်စကား ပြောကြားပေးခဲ့ကြတယ်လို့ သိရပါတယ်။
ဒီရုပ်ရှင်ဇာတ်လမ်းတိုကိုတော့ အာဏာသိမ်းစစ်အုပ်စုကို ဆန့်ကျင်တော်လှန်နေကြတဲ့ အနုပညာရှင်တွေထဲက တယောက်ဖြစ်တဲ့ ဒါရိုက်တာ ကိုပေါက်က တောတွင်းတနေရာမှာ အိုင်ဖုန်းတလုံးနဲ့သာ ရိုက်ကူးထားခဲ့တာဖြစ်ပြီး စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်နေကြတဲ့ တော်လှန်ရေးရဲဘော်တွေ၊ ပြည်သူတွေက ပါဝင်ထားကြတာ ဖြစ်ပါတယ်။
လတ်တလောမှာတော့ “မသောက်မိသော မိုးခါးရေ” ရုပ်ရှင်ဇာတ်လမ်းတိုကို ပြည်ပနိုင်ငံ ၆ နိုင်ငံမှာ ပြသသွားဖို့ စီစဉ်ထားပြီး သြစတေးလျနိုင်ငံ ဆစ်ဒနီမြို၊ ဂျပန်နိုင်ငံ တိုကျိုနဲ့ နာဂိုယာမြို့၊ အမေရိကန်နိုင်ငံ နယူးယောက်နဲ့ ဆန်ဖရန်စစ္စကိုမြို့မြို့၊ တောင်ကိုးရီးယားနိုင်ငံ အင်ချွန်းနဲ့ ဆွစ်ဇာလန်နိုင်ငံတွေမှာ ဆက်လက်ပြသသွားမယ်လို့ ဆိုပါတယ်။