close

ရုပ်ရှင်ဒါရိုက်တာ

close

February 16, 2023

ဒါရိုက်တာ ရိစ်ဝါတာဖီးလ် အသက်အန္တရာယ် ခြိမ်းခြောက်ခံနေရ

အမေရိကန်နိုင်ငံမှာ ဖေဖော်ဝါရီ ၁၅ ရက်က ရုံတင်ပြသခဲ့တဲ့ Winnie the Pooh: Blood and Honey ရုပ်ရှင်မှာ Winnie နဲ့ Piglet တို့ကို သွေးသံရဲရဲ ကြောက်စရာဇာတ်ကောင်အဖြစ် ဖန်တီးခဲ့တာကြောင့် အသက်အန္တရာယ်ထိ ခြိမ်းခြောက်ခံခဲ့ရတယ်လို့ ဒါရိုက်တာ ရိစ်ဝါတာဖီးလ်က AFP သတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

ဒီရုပ်ရှင်ဇာတ်ကားကို မထုတ်ဖို့ အသနားခံလွှာကို လက်မှတ်ရေးထိုး တောင်းဆိုတာတွေ ရှိခဲ့ပေမဲ့ ဆက်လက်ရိုက်ကူး ထုတ်လုပ်ခဲ့တာကြောင့် ရဲနဲ့ အတိုင်ခံရတာ၊ အသက်အန္တရာယ်ထိ ခြိမ်းခြောက်တာတွေ ရှိခဲ့တယ်လို့ ဒါရိုက်တာရိစ်က ဆိုပါတယ်။

Winnie နဲ့ Piglet ပရိသတ်တွေကတော့ သူတို့ရဲ့ငယ်ဘဝ ချစ်စရာဇာတ်ကောင်တွေကို အခုလို ဖျက်ဆီးခဲ့တဲ့အတွက် ဒါရိုက်တာကို ဝေဖန်နေကြတာဖြစ်ပြီး အသက်အန္တရာယ်ထိ ခြိမ်းခြောက်ခံရတာကိုတော့ စိတ်မကောင်းဘူးလို့ ပြောပါတယ်။

Winnie the Pooh: Blood and Honey ရုပ်ရှင်ဟာ Winnie နဲ့ Piglet တို့ သူငယ်ချင်း ခရစ်စတိုဖာရော်ဘင်က Winnie တို့ကို ထားခဲ့ပြီး ကောလိပ်သွားတက်ခဲ့တာကြောင့် Winnie နဲ့ Piglet တို့ဟာ စိတ်ရိုင်းဝင်သွားပြီး တောထဲကိုလာသမျှလူတိုင်းကို သတ်ဖြတ်တဲ့အကြောင်း ဇာတ်အိမ်တည် ရိုက်ကူးထားတာပါ။

ဒီရုပ်ရှင်ဟာ ကုန်ကျငွေ အမေရိကန်ဒေါ်လာ ၁ သိန်း အသုံးပြုထားပြီး ရုပ်ရှင်ရုံ မှတ်တမ်းမှာတော့ အမေရိကန် ဒေါ်လာ ၁ သန်း ရရှိထားပြီလို့ ထုတ်ပြန်‌ကြေညာထားပါတယ်။

7 mins Ago

August 9, 2022

UWSA ဖမ်းထားသော ထိုင်းဇာတ်ကြမ်းရုပ်ရှင်ဒါရိုက်တာ ထိုင်းနိုင်ငံ ပြန်ရောက်ရှိ

ရှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ်ထဲမှာ UWSA ဝ တပ်ဖွဲ့ရဲ့ ဖမ်းဆီးချုပ်နှောင်ခံခဲ့ရတဲ့ ထိုင်းဇာတ်ကြမ်းရုပ်ရှင်ဒါရိုက်တာ နိုင်းလမိုင့် မိုရီဖန်း ခေါ် ဆရာဒယ်နီဟာ ဒီကနေ့ ဩဂုတ် ၉ ရက် မနက် ၉ နာရီခွဲလောက်က အမိမြေ ထိုင်းနိုင်ငံကို ပြန်လည်ရောက်ရှိလာပြီ ဖြစ်ပါတယ်။

နှစ်ဖက်နိုင်ငံရှိ TBC ထိုင်း-မြန်မာနယ်ခြားကော်မတီ (ဒေသတွင်းအဆင့်) တာဝန်ရှိသူတွေရဲ့ ချိတ်ဆက်မှုနဲ့ မြန်မာအာဏာပိုင်တွေက ဆရာဒယ်နီကို တာချီလိတ်-မယ်ဆိုင်ကြားရှိ နှစ်နိုင်ငံ ချစ်ကြည်ရေးတံတား အမှတ် ၂ မှာ လာရောက်လွှဲပြောင်းပေးအပ်ပြီး ထိုင်းအမှတ် ၃ ဒေသ ကွန်မန်ဒိုတပ်မှ ဒုတပ်ရင်းမှူး ဗိုလ်မှူးကြီး ဆုမ်ဖုပ်ဆန် တေချနဲ့ တာဝန်ရှိသူတွေက သွားရောက်ကြိုဆို လက်ခံခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

ဒီမတိုင်ခင် ပြီးခဲ့တဲ့ ဩဂုတ် ၇ ရက်က UWSA တပ်ဖွဲ့က သူ့ကို တာချီလိတ် မြန်မာအာဏာပိုင်တွေထံ ပြန်လည်အပ်နှင်းပြီး သူ့မိသားစုဝင်တွေ ပြောသလို ဝ တပ်ဖွဲ့က ပြန်ပေးဆွဲတာမဟုတ်ဘဲ သူ့ဘာသူ ဆေးစွဲရောဂါကုသဖို့ ဝင်သွားတာဖြစ်တယ်၊ ဒီကိစ္စ မူးယစ်ဆေးဝါး ရောင်းဝယ်ရေးနဲ့ လုံးဝပတ်သက်ခြင်းမရှိဘူးလို့ ဝ တပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောကြောင်း မြန်မာတာဝန်ရှိသူတွေက ထိုင်းဘက်က တာဝန်ရှိသူတွေကို ပြောပါတယ်။

ဆရာဒယ်နီမှာလည်း ကျန်းမာရွှင်လန်းစွာရှိပြီး သူ့ကိစ္စက မူးယစ်ဆေးဝါးနဲ့ ပတ်သက်မှု မရှိကြောင်း၊ အလိမ်ခံရလို့ ဝ တပ်ထဲ ရောက်သွားတာမဟုတ်ဘဲ သူ့ဘာသူသွားတာလို့ ထပ်လောင်းပြောဆိုပါတယ်။

ဒါပေမဲ့ ထိုင်းစစ်တပ်ကတော့ သူ့ကို ဖြစ်ရပ်မှန် အသေးစိတ် ဆက်လက်စစ်ဆေးမေးမြန်းဖို့ ချင်းရိုင်းခရိုင် မင်းဂရိုင်းမဟာရတ်ချ်ဌာနချုပ်ကို ခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။

ဆရာဒယ်နီဟာ ဒီနှစ် ဇန်နဝါရီလကတည်းက ပျောက်ဆုံးနေတာဖြစ်ပြီး ပြီးခဲ့တဲ့ ဇူလိုင်လကမှ မိသားစုထံ စာတစောင်ပေးပို့ကာ သူဟာ ဝ တပ်ဖွဲ့ရဲ့ ဖမ်းဆီးခံနေရကြောင်း၊ ဝ တပ်ဖွဲ့ကို မူးယစ်ဆေးရောင်းရငွေ ဘတ်၂၄ သန်း ပြန်မပေးနိုင်တဲ့ အသိတယောက်က သူ့ကို တန်ဆာခံအဖြစ် ထားခဲ့လို့ ပြန်လွတ်ချင်ရင် ငွေ ၂၄ သန်းနဲ့ ပြန်ရွေးဖို့၊ သူ့ကို ပြန်လွတ်အောင် ကူညီဖို့ ပြောခဲ့တာပါ။

ဒီကနေ့ ပြန်လွတ်လာတော့ အရင်ကပြောခဲ့တဲ့ အချက်တွေနဲ့ လုံးဝကွဲလွဲနေလို့ သူအသက်ရှင်လျက် ပြန်လွတ်လာရဖို့ တစုံတရာ ဖုံးကွယ်ပြောဆိုရတာ ဖြစ်နိုင်ကြောင်း လည်း သုံးသပ်ပြောဆိုနေကြပါတယ်။

6 months Ago
Up