close

ရုပ်ရှင်ရုံ

close

March 20, 2023

ရုပ်ရှင်ရုံများတွင် ကြည့်ရှုသူပရိသတ်မရှိသလောက် နည်းပါးနေ

ရန်ကုန်အပါအဝင် တခြားမြို့ကြီးတွေရှိ ရုပ်ရှင်ရုံတွေကို စစ်ကောင်စီက အတင်းအကျပ် ပြန်လည်ဖွင့်လှစ်စေခဲ့တာ အချိန် ၁ နှစ်နီးပါး ရှိလာပြီဖြစ်ပေမဲ့ လာရောက်ကြည့်ရှုတဲ့ ပရိသတ်တွေ မရှိသလောက် နည်းပါးနေဆဲဖြစ်တယ်လို့ ရုပ်ရှင်ရုံနဲ့နီးစပ်သူတွေထံက သိရပါတယ်။

စစ်အာဏာရှင်ကိုဆန့်ကျင်တဲ့အနေနဲ့ ပြည်သူအများစုက ရုပ်ရှင်ရုံတွေမှာ သွားမကြည့်ဘဲ သပိတ်မှောက်ထားတာကြောင့် ခုအချိန်အထိ ကြည့်ရှုသူ အရမ်းနည်းနေတုန်းပဲလို့ ရန်ကုန်မြို့က ရုပ်ရှင်ရုံဝန်ထမ်းတစ်ဦးက ပြောပါတယ်။

ရုပ်ရှင်လက်မှတ်ခတွေလည်း ကျပ်  ၃၀၀၀/ ၆၀၀၀ ဝန်းကျင်အထိ မြင့်တက်သွားပြီး ရုံတွေမှာ လူအဝင်နည်းလို့ ဝန်ထမ်းအင်အားတွေလည်း လျှော့ချထားရတယ်လို့လည်း ဆိုပါတယ်။ 

ရန်ကုန်မြို့ခံပြည်သူတစ်ဦးက “ရုပ်ရှင်လက်မှတ်ခတွေကလည်း စျေးကြီးသလို သွားလာစရိတ်ကလည်း စျေးကြီးတယ်။ ပြီးတော့ လုံခြုံရေးအရလည်း Safety ဖြစ်လားဆိုတာ စဉ်းစားစရာဖြစ်လာတယ်။ စားဝတ်နေရေး၊ နိုင်ငံရေး အခြေအနေတွေကြောင့် အများစုက သွားမကြည့်ကြတော့တာပေါ့”လို့ပြောပါတယ်။

နွေဦးတော်လှန်ရေးမှာ ပြည်သူဘက်ကရပ်တည်ပါဝင်တဲ့ အနုပညာရှင်တွေ အခက်အခဲဖြစ်နေကြပြီး တော်လှန်ရေးမှာမပါဝင်တဲ့ အနုပညာရှင်တွေကို အားမပေးချင်ဘူးလို့လည်း ပြောပါတယ်။

ကိုဗစ်ရောဂါမဖြစ်ခင်နဲ့ စစ်အာမဏာမသိမ်းခင်အရင်က ရန်ကုန်အပါအဝင် တခြားမြို့ကြီးတွေရှိ ရုပ်ရှင်ရုံတွေမှာ တစ်ရက်ကို ပွဲစဉ် ၅ ပွဲ ပြသခဲ့ရာက စစ်ကောင်စီ လက်ထက်မှာ အချိန်ပိုင်းစနစ်နဲ့ ရတဲ့ လျှပ်စစ်မီးအခြေအနေတွေကြောင့် ရုပ်ရှင်ရုံတွေမှာ ပြသချိန် အနည်းဆုံး ၂ ပွဲကနေ အများဆုံး ၄ ပွဲအထိသာ ပြသနေရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ ဝါဒဖြန့်ရုပ်ရှင်တွေရိုက်ပြီး ရုပ်ရှင်ရုံတွေမှာ ပြသနေကာ လာရောက်ကြည့်ရှုသူ မရှိတဲ့အတွက် စစ်ကောင်စီပြန်ကြားရေးဝန်ကြီးကိုယ်တိုင် ရုပ်ရှင်သွားကြည့်တာရှိသလို ဌာနဆိုင်ရာ ဝန်ထမ်းတွေကိုလည်း အတင်းအကျပ် ရုပ်ရှင်ကြည့်ခိုင်းနေပါတယ်။

လက်ရှိ ရုံတင်ပြသတဲ့ မြန်မာရုပ်ရှင်ကားတွေအနေနဲ့လည်း ဇာတ်လမ်း အရည်အသွေး မပြည့်မီတာတွေကြောင့်လည်း အားမပေးတာလို့ ရုပ်ရှင်ကြည့်ပရိသတ်တချို့ကတော့ဆိုပါတယ်။

ကိုယ်နေထိုင်တဲ့ လူမှုဝန်းကျင်ကို ထင်ဟပ်တဲ့၊ အမှန်တရားပါတဲ့ ရုပ်ရှင်ကိုပဲ ရိုက်ချင်တဲ့အကြောင်းနဲ့ အဲဒါမှလည်း ရုပ်ရှင်စစ်တယ်လို့ ထင်ကြောင်း တော်လှန်ရေးမှာ ပါဝင်နေတဲ့  ဒါရိုက်တာဏကြီးက  သူ့ရဲ့လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။ 

“ကိုယ်နေထိုင်တဲ့ လူမှုဝန်းကျင်ကို ထင်ဟပ်တဲ့၊ အမှန် တရားပါတဲ့ ရုပ်ရှင်ကိုပဲ ကျွန်တော် ရိုက်ချင်ပါတယ်။ အဲဒါမှလည်း ရုပ်ရှင်စစ်တယ်လို့ ထင်တယ်။ စစ်အာဏာရှင် လက်အောက်မှာတော့ အမှန်တရားပါတယ်ဆိုရင် ရုပ်ရှင်ဖြစ်ဖြစ်၊ ကဗျာဖြစ်ဖြစ်၊ သီချင်းဖြစ်ဖြစ် ရှင်သန်ဖို့ ခက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စစ်အာဏာရှင်က အမှန်တရားကိုကြောက်ပြီး မလိုလားလို့ပါ။”

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ပထမလှိုင်းကတည်းက အရပ်သားအစိုးရလက်ထက်မှာ ပိတ်ထားခဲ့တဲ့ ရုပ်ရှင်ရုံတွေကို အာဏာသိမ်းစစ်ကောင်စီက ၂၀၂၂ ခုနှစ် ဧပြီ ၁၇ ရက်ကစပြီး တနိုင်ငံလုံးက ရုပ်ရှင်ရုံ ၇၀ နီးပါးကို ဖိအားပေး ဖွင့်လှစ်ခိုင်းခဲ့တာဖြစ်ပါတယ်။ 

စစ်ကောင်စီဟာ နိုင်ငံတော်အာဏာကို တရားမဝင်သိမ်းပြီးနောက်  ရုပ်ရှင်လောကသားတွေ အပါအဝင် အနုပညာရှင်တွေကို မတရားဖမ်းဆီးထောင်ချခဲ့ပြီး ပြည်သူတွေကို နေ့စဉ်သတ်ဖြတ်နေတဲ့အတွက် ပြည်သူလူထုက စစ်အာဏာရှင်တွေကို နည်းလမ်းပေါင်းစုံနဲ့ ဆန့်ကျင်နေကြတာ ဖြစ်ပါတယ်။

42 seconds Ago

March 2, 2023

ရန်ကုန်တွင် ရုပ်ရှင်ကြည့်သူ မရှိသလောက်နည်းပါးသဖြင့် ရုပ်ရှင်ရုံအချို့ အပြီးပိတ်

ရန်ကုန်မြို့မှာ ရုပ်ရှင်ရုံတွေကို စစ်ကောင်စီက အတင်းအကျပ် ပြန်လည်ဖွင့်လှစ်စေခဲ့တာ အချိန် ၁ နှစ်နီးပါး ရှိလာပြီဖြစ်ပေမဲ့ လာရောက်ကြည့်ရှုအားပေးတဲ့ ရုပ်ရှင်ကြည့်ပရိသတ်တွေ မရှိသလောက် နည်းပါးနေဆဲဖြစ်တယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ရုပ်ရှင်ရုံတွေကို ၂၀၂၀ ပြည့်နှစ်က စပိတ်ထားခဲ့ပေမဲ့ စစ်တပ် အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ် ဧပြီ ၁၆ ရက်မှာ စစ်ကောင်စီက ပြည်သူတွေ ပုံမှန်သွားလာနေတဲ့ ပုံရိပ်ရရှိဖို့ ရုပ်ရှင်ရုံတွေကို အတင်းအကျပ် ပြန်လည်ဖွင့်ခိုင်းခဲ့ပေမဲ့ ယနေ့အထိ လာရောက်ကြည့်ရှုသူ နည်းပါးနေဆဲဖြစ်တယ်လို့ သိရပါတယ်။

ပြည်သူတွေ လာရောက်ကြည့်ရှုမှု နည်းပါးတာကြောင့် ရုပ်ရှင်ရုံတွေဟာ အရှုံးပေါ်နေပြီး တချို့ရုပ်ရှင်ရုံတွေဆိုရင် အပြီးပိတ်လိုက်ရတဲ့ အခြေအနေတွေ ဖြစ်နေတယ်လို့ ရုပ်ရှင်လောကနဲ့ နီးစပ်သူက ပြောပါတယ်။

လက်ရှိ ရန်ကုန်ရှိ နဝဒေးရုပ်ရှင်ရုံနဲ့ ဝဇီယာရုပ်ရှင်ရုံတို့ဟာ အပြီးပိတ်လိုက်ရတဲ့အပြင် မြို့နယ်အလိုက် ဖွင့်လှစ်ထားတဲ့ တချို့ရုပ်ရှင်ရုံငယ်တွေဟာလည်း ယနေ့တိုင် ပြန်လည်ဖွင့်လှစ်နိုင်တာမရှိဘဲ အပြီးပိတ်လိုက်ရတဲ့ အခြေအနေ ဖြစ်တယ်လို့လည်း ပြောပါတယ်။

လက်ရှိ ဖွင့်လှစ်ထားတဲ့ ရုပ်ရှင်ရုံတွေဟာလည်း လျှပ်စစ်မီးပျက်တာများနေတာကြောင့် လက်မှတ်ခဈေးနှုန်းတွေကို တိုးမြှင့်ခဲ့ရပြီး လက်မှတ်တစောင်ကို အနည်းဆုံး ကျပ် ၂,၀၀၀ ကနေ စတင်ရောင်းချနေရကာ စုံတွဲခုံဆိုရင်တော့ ကျပ် ၅,၅၀၀ အထိ တိုးမြှင့်ရောင်းချနေရတယ်လို့ သိရပါတယ်။

3 weeks Ago
Up