close

ရုပ်လောင်း ၃ လောင်း

close

December 23, 2021

ဖားကန့်မြို့နယ်၊ သာယာကုန်းရွာ မြေစာပုံပြိုကျသည့်နေရာတွင် ရုပ်လောင်း ၃ လောင်းထပ်တွေ့

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ သာယာကုန်းကျေးရွာ ကျောက်မျက်လုပ်ကွက်မှာ မြေစာပုံပြိုကျခဲ့လို့ လူတချို့  သေဆုံး ပျောက်ဆုံးနေရာမှာ   ဒီဇင်ဘာ ၂၃ ရက်က ရေမဆေးကျောက်ရှာဖွေသူ ၃ ယောက်ရဲ့ ရုပ်အလောင်းတွေ ထပ်မံ တွေ့ရှိပါတယ်။

ဒီဇင်ဘာ ၂၂ ရက် မနက် ၄ နာရီလောက်က  သာယာကုန်းကျေးရွာရှိ စိန်စိန်လုပ်ကွက်မှာ အမြင့်ပေ ၂၀၀ လောက်ကနေ မြေစာပြတ်ကျလို့ ရေမဆေးကျောက်ရှာဖွေသူတွေ ရေကန်အတွင်း ပြုတ်ကျပျောက်ဆုံးနေတဲ့အတွက် ကယ်ဆယ်ရေး အဖွဲ့တွေက ရှာဖွေနေကြတာဖြစ်ပါတယ်။

ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်ရာမှာ  ဒီဇင်ဘာ ၂၂ ရက် ညပိုင်းမှာ  အမျိုးသား ၁ ယောက်ရဲ့ အလောင်းကိုတွေ့ရှိပြီး ဒီဇင်ဘာ ၂၃ ရက်မနက် ၉ နာရီ ၅ မိနစ်မှာ အမျိုးသား ၁ ဦး၊ မနက် ၁၀ နာရီ ၄၅ မိနစ်မှာ အမျိုးသား ၁ ဦး၊ ညနေ ၃ နာရီ ၅၁ မိနစ်မှာ အမျိုးသား ၁ ဦး စုစုပေါင်း ၄ ဦးရဲ့ အလောင်းတွေ တွေ့ရှိထားတယ်လို့ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပါတယ်။ 

ဒေသခံကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတဦးက "ကျနော်တို့ ကယ်ဆယ်ရေးအဖွဲ့တွေ ဒီဇင်ဘာ ၂၃ ရက်နေ့မှာ ရှာတာ ၃ လောင်းထပ်တွေ့တယ်။ မနေ့က ၁ လောင်းနဲ့ဆို စုစုပေါင်း ၄ လောင်းပဲ တွေ့သေးတယ်။ တွေ့တာကတော့ အမျိုးသား အလောင်းတွေပဲ "လို့ ပြောပါတယ်။

ဖားကန့်ဒေသခံ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေဟာ  ပျောက်ဆုံးနေသူတွေကို စုပေါင်းရှာဖွေနေကြပြီး  ညနေ ၄ နာရီမှာ ရှာဖွေရေးရပ်နားခဲ့ကာ နောက်ရက်တွေမှာလည်း ပျောက်ဆုံးသူတွေကို ထပ်မံရှာဖွေဖို့ရှိတယ်လို့ သိရပါတယ်။

စိန်စိန်လုပ်ကွက် မြေစာပုံပြိုကျမှုဖြစ်စဉ်မှာ  လူပေါင်းဒါဇင်နဲ့ချီပြီး ပျောက်ဆုံးနေတယ်၊ ၁၀၀ လောက်အထိ ပျောက်ဆုံးနေသူရှိနိုင်တယ်လို့ ဒေသခံတချို့က ပြောပေမဲ့ သေဆုံး၊ ပျောက်ဆုံးစာရင်းအတိအကျကိုတော့ အတည်ပြုလို့ မရသေးပါဘူး။ 

ဖားကန့်မြို့နယ်မှာ ဒီဇင်ဘာ ၁၈ ရက်ညသန်းခေါင်ကျော်ကလည်း ဆိုင်းဂျာဘွမ်နဲ့ မနကျေးရွာအနီး စုပေါင်းစွန့်ပစ်မြေစာပုံပြိုကျမှုမှာ မြေပိပျောက်ဆုံးနေသူ  ၅ ယောက်ထဲက ၃ ယောက်ရဲ့ ရုပ်အလောင်းတွေကို မနေ့က ကယ်ဆယ်ရေးအဖွဲ့တွေက ဆယ်ယူရရှိခဲ့ပါတယ်။ 

Photo -CJ

12 hours Ago
Up