အကြမ်းဖက်စစ်ကောင်စီရဲ့ လုံခြုံရေးတိုးမြှင့်ထားတဲ့ မြို့နယ်တခုဖြစ်တဲ့ ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်ထဲက တော်လှန်ရေးပန်းခြံအနီးမှာ ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း)က တော်လှန်သင်္ကြန်အတွက် နှိုးဆော်မှု ပြုလုပ်ခဲ့ကြပါတယ်။
“မိဘပြည်သူများရှင်၊ တော်လှန်သင်္ကြန်အချိန်အခါသမယကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးနဲ့ယှဥ်တွဲပြီး ရိုးရာယဥ်ကျေးမှုအမွေအနှစ် ပွဲတော်များကို ထိန်းသိမ်းကြတဲ့အခါမှာ - မအေ (-) မင်းအောင်လှိုင်၊ မင်းအောင်လှိုင် မအေ (-) ကြောင့် အိုးပစ်၊ အိမ်ပစ်၊ သေကွဲ၊ ရှင်ကွဲကွဲနေကြတဲ့ ကျနော်တို့ နိုင်ငံသူနိုင်ငံသားတွေအတွက် ကိုယ်ချင်းစာစိတ်အပြည့်နဲ့ တိတ်တိတ်လေးပျော်ပေးကြဖို့ ရေဘဝဲက နှိုးဆော်တိုက်တွန်းလိုက်ပါတယ်”
ဒီလှုပ်ရှားမှုမှာတော့ မကြာသေးခင်က ထွက်ရှိထားတဲ့ သရုပ်ဆောင်၊ အဆိုတော် မင်းမော်ကွန်းရဲ့ CDM သင်္ကြန်သီချင်းကို တော်လှန်ယိမ်းအကနဲ့ ကပြဖျော်ဖြေတင်ဆက်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေးလူထုလှုံ့ဆော်မှု ပြုလုပ်ခဲ့ကြတာဖြစ်ပြီးတော့ ဒီလှုပ်ရှားမှုကို Youth Scout for Democracy (Y.S.D) ကနေ မြေပြင်ကင်းထောက်အဖြစ် ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ ဆိုပါတယ်။
အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီကတော့ ဒီနှစ် ၂၀၂၃ သင်္ကြန်ကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော် မြို့ကြီးတွေ အပါအဝင် သူတို့ ထိန်းချုပ်လို့ရတဲ့ မြို့တွေမှာ သင်္ကြန်မဏ္ဍပ်တွေနဲ့ လမ်းလျှောက်သင်္ကြန်ပွဲတွေ စည်စည်ကားကားကျင်းပဖို့ ပြင်ဆင်နေပါတယ်။
စစ်ကောင်စီ အာဏာသိမ်းထားတဲ့ကာလမှာ ပြည်သူတွေသင်္ကြန် ဖြတ်သန်းတဲ့အခါ စစ်တပ်နဲ့ ဆက်စပ်ထုတ်ကုန်တွေ အသုံးမပြုဖို့၊ စစ်တပ် လက်အောက်ခံ စီးပွားရေးလုပ်ငန်းတွေကို အားမပေးကြဖို့ တော်လှန်ရေး အင်အားစုတွေက တိုက်တွန်းထားပါတယ်။
စစ်ကောင်စီတပ်ဖွဲ့တွေဟာ တဖက်မှာ တော်လှန်ရေးအားကောင်းတဲ့ ဒေသတွေက ပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ သတ်ဖြတ်တာနဲ့ ဖမ်းဆီးနှိပ်စက်တာတွေ ပြုလုပ်နေပြီး တဖက်မှာလည်း တိုင်းပြည်အေးချမ်းနေတာကို ပြချင်တဲ့အတွက် ပျော်ပွဲရွှင်ပွဲတွေ အတင်းအကျပ် ဖန်တီးနေပါတယ်။
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်းက ကျားသစ်နက်တပ်မတော် (B.L.P.A) ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁ ရက်ကစပြီး မြိုင်မြို့နယ်နဲ့ ပုလဲမြို့နယ်အတွင်း မိုင် ၁၀၀ နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံ ကာကွယ်ရေးခေါင်းဆောင်တွေဆီကနေ သိရပါတယ်။
အဲဒီ မိုင် ၁၀၀ နယ်မြေရှင်းလင်းရေးလုပ်ငန်းကို ဇန်နဝါရီ ၁ ရက်ကစပြီး ဒီနေ့ ဇန်နဝါရီ ၅ ရက် ညနေမှာ အဆုံးသတ်မှာဖြစ်တယ်လို့လည်း သိရပါတယ်။
နယ်မြေရှင်းလင်းရေး လုပ်ဆောင်စဉ် ကမ်းဒေါင့်က ပျူစောထီးတွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ကျားသစ်နက်တပ်မတော် (B.L.P.A) တပ်ရင်းမှူး ဗိုလ်ဥက္ကာကပြောပါတယ်။
“ကျနော်တို့ မိုင် ၁၀၀ နယ်မြေရှင်းလင်းရေးကို မြိုင်မြို့နယ်မြောက်ပိုင်းကနေစတယ်ဗျ။ အဲ့နေရာက ပုလဲမြို့နယ်အတိုင်း လက်ယာရစ် စက်ဝိုင်းပုံသဏ္ဌာန်သွားတယ်ဗျ။ ကျနော်တို့သွားရာလမ်းအတိုင်း ရွာက ဒေသခံတွေက တခဲနက်ကို ကြိုဆိုကြတယ်။ မနေ့ ဇန်နဝါရီ ၄ ရက်နေ့ကတော့ ကမ်းဒေါင့်ရွာက ပျူ(--)၊ စစ်(--) တွေနဲ့ မနက်ခင်း ၉ နာရီကနေ ညနေ ၆ နာရီအထိ တရက်တာ တိုက်ပွဲဖြစ်ခဲ့တယ်။ (--)အသေအပျောက်ကတော့ မသိရသေးဘူး။ ကိုယ့်ဘက်ကတော့ အထိအခိုက် မရှိခဲ့ဘူး” လို့ ပြောပါတယ်။
အဲဒီတိုက်ပွဲကို ကျားသစ်နက်တပ်မတော် (B.L.P.A) ယင်းမာပင်ခရိုင် အမှတ်-၁၁ တပ်ရင်း၊ ကျားသစ်နက်တပ်မတော် (B.L.P.A) ပခုက္ကူခရိုင် အမှတ်-၁၅ တပ်ရင်း၊ M.P.L အလယ်မြေ ပြောက်ကျားတပ်ဖွဲ့၊ ဒေါင်းညို ပြောက်ကျားတပ်ဖွဲ့ ပူးပေါင်းဖော်ဆောင်ခဲ့တာ ဖြစ်တယ်လို့လည်း သိပါတယ်။