ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ အေးမြသာယာ ညောင်ပင်ကုန်းအတက်အနီးမှာ သတ်ဖြတ်ခံထားရတဲ့ အသက် ၂၀ အရွယ်ခန့် အမျိုးသားနှစ်ဦးရဲ့ ရုပ်အလောင်းတွေကို မေလ ၅ ရက် မနက်ပိုင်းက တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“ကောင်လေးတွေကြည့်တော့ အသက် ၂၀ အရွယ်လောက်ပဲ။ သတ်ပြီးမှ လာပစ်ထားတာလား။ ဒီမှာ ဖြတ်သွားဖြတ်လာကို သတ်လိုက်တာလားတော့ မသိဘူး။ ညတုန်းကတော့ သေနတ်သံတွေ အများကြီးကြားတယ်။”
သေဆုံးသူတွေက ဘယ်သူတွေဖြစ်တယ်ဆိုတာကိုတော့ မသိရသေးဘဲ အလောင်းတွေကိုတော့ ဖားကန့်မြို့ နာရေးကူညီရေးအသင်းက လာရောက်သယ်ဆောင်သွားတယ်လို့ ဆိုပါတယ်။
“သေတဲ့သူတွေက ဘယ်သူတွေလဲ မသိသေးဘူး။ နာရေးကူညီရေးအသင်းက လာသယ်သွားတာပဲ။ ဖားကန့်ရင်ခွဲရုံကို ပို့လိုက်တယ်။ အခုလို ဘယ်သူကသတ်လိုက်လို့ ဘယ်လိုတွေဖြစ်တာလဲ မသိတော့ အခုက တော်တော်ကြောက်စရာကောင်းနေပြီ။ အဖမ်းခံရမှာကြောက်ရ၊ အသတ်ခံရမှာ ကြောက်ရနဲ့။”
သေဆုံးသူနှစ်ဦးမှာ တဦးက ဦးခေါင်းချိုင့်ဝင်ဒဏ်ရာနဲ့ နောက်တဦးက ဘယ်ဘက်ရင်အုပ်နဲ့ လည်ပင်းကြားမှာ ထိုးသွင်းဒဏ်ရာနဲ့ သေဆုံးနေတာ ဖြစ်ပါတယ်။
ဖားကန့်မြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့ ဧပြီလအတွင်းက သတ်ဖြတ်ခံရသူ ၁၂ ဦးထက်မနည်းရှိခဲ့ပြီး မေလ ၁ ရက်ကလည်း ဦးခေါင်းနဲ့ ရင်အုပ်တွေမှာ သေနတ်ဒဏ်ရာတွေ၊ ရိုက်နှက်ခံထားရတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အမျိုးသားတဦး ရုပ်အလောင်းကိုလည်း တွေ့ရှိခဲ့တာပါ။
မေလ ၃ ရက် ညကလည်း ဖားကန့် မှော်ဝှမ်းရပ်ကွက်က နေအိမ်တခုကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး အိမ်စီးကားတစီးနဲ့ အမျိုးသားနှစ်ဦးကို ဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။
ရန်ကုန်၊ သာကေတမြို့နယ်၊ (၁) ရပ်ကွက်၊ ဧရာ၀ဏ်လမ်းမနဲ့ နဝရတ်လမ်းမကြီးထိပ်၊ ၈ ဂိတ်မှတ်တိုင်အနီးရှိ အနော်မာကန်ထဲမှာ မေလ ၁ ရက် နေ့လယ်ပိုင်းက ရုပ်အလောင်းတခုတွေ့ရှိခဲ့တယ်လို့ မြို့ခံကယ်ဆယ်ရေးအသင်းတွေက ပြောပါတယ်။
နေ့လယ် ၁ နာရီခွဲလောက်က ကန်ထဲမှာ ရုပ်အလောင်းတခု ပေါ်လာတာကို ရပ်ကွက်နေသူတွေက တွေ့ရှိခဲ့ပြီး သာကေတမြို့နယ်ရဲတပ်ဖွဲ့နဲ့ ကယ်ဆယ်ရေးအသင်းတွေကို အကြောင်းကြားခဲ့တာပါ။
အဆိုပါ ရုပ်အလောင်းမှာ ပြင်ပဒဏ်ရာ မတွေ့ရှိဘူးလို့ သိရပြီး စစ်ဆေးချက်အရ နစ်မြုပ်နေတာ ၂ ရက်ခန့်ရှိနေပြီလို့ သိရတဲ့အပြင် အနော်မာ ၁ ရပ်ကွက် နေထိုင်သူ အသက် ၅၀ အရွယ် အမျိုးသားတဦးလို့ သိရပါတယ်။
သာကေတအခြေစိုက် ကယ်ဆယ်ရေးအဖွဲ့တခုရဲ့ တာဝန်ခံက “တွေ့တာက နေ့လယ် ၁ နာရီခွဲနဲ့ ၂ နာရီကြားပါ၊ နစ်ထားတာ ၂ ရက်လောက်ရှိပြီ၊ လူပျောက်တိုင်ထားတာမျိုးတော့ မရှိပါဘူး၊ စစချင်းကတော့ အလောင်းက မှောက်ခုန်ကြီးဆိုတော့ မျက်နှာက မပေါ်ဘူး၊ ဆယ်ယူပြီးနောက်ပိုင်း စစ်ကြည့်တော့ သေတဲ့သူက ဒီ (၁) ရပ်ကွက်အနော်မာထဲမှာ နေတဲ့သူလို့ သိရတယ်"လို့ ပြောပါတယ်။
သေဆုံးသူဟာ မိသားစုဝင်တွေနဲ့ အတူနေထိုင်တာ မဟုတ်ဘဲ သီးသန့်နေထိုင်သူ ဖြစ်ကာ အရက်သောက်လေ့ ရှိတယ်လို့ သိရပြီး ရေကန်ထဲ ဘယ်လိုနစ်မြုပ်သေဆုံးတာလဲဆိုတာ မသိရသေးပါဘူး။
ရုပ်အလောင်းကို သင်္ဃန်းကျွန်းစံပြဆေးရုံကို ပို့ဆောင်ထားပြီး သာကေတမြို့နယ်ရဲတပ်ဖွဲ့က စစ်ဆေးဆောင်ရွက်နေပါတယ်။