ဂျာမနီနိုင်ငံဟာ ရုရှားကျောက်မီးသွေးဝယ်ယူမှု လုံးဝရပ်ဆိုင်းမယ့် သြဂုတ် ၁ ရက် မတိုင်ခင် နေ့တွေမှာ ဒူအစ္စဘာ့ဂ်မြို့ပြင်ရှိ ရိုင်းန်မြစ်ပေါ်က ပစ္စည်းပုံရာဆိပ်ကမ်းနေရာမှာ ကျောက်မီးသွေး တွေကို စုပုံထားပါတယ်။
သွင်းကုန်တားမြစ်ချက် အကျုံးဝင်လာတော့မယ်ဆိုပေမယ့် လာမယ့်သီတင်းပတ်တွေအတွင်း ရုရှား ကျောက်မီးသွေး အများအပြားရောက်ရှိမယ်လို့ မျှော်လင့်ရပါတယ်။
နယ်သာလန်နိုင်ငံ ရော့တာဒမ်မြို့ကနေ ရုရှားကျောက်မီးသွေးတွေကို သယ်ဆောင်လာတဲ့ ကုန်သင်္ဘောတွေဟာ ဂျာမနီတောင်ပိုင်းကို သင်္ဘောတင်ဖို့ ရထားတွေပေါ်ကို ကျောက်မီးသွေးတွေ ပြောင်းတင်ပေးရတဲ့ ရိုင်းန်ဘာ့ဂ်မြို့ရှိ အော်ရ်ဆွိုင်းဆိပ်ကမ်းမှာ ဆိုက်ရောက်လာကြောင်း ဆိပ်ကမ်းအကြီးအကဲတယောက်က ပြောပါတယ်။
ရုရှားကျောက်မီးသွေးအတွက် တင်သွင်းခွင့် ပိတ်ပင်လိုက်ခြင်းဟာ ဂျာမနီနိုင်ငံရဲ့ စွမ်းအင်ထောက်ပံ့မှု အရင်းအမြစ်မှာ အဓိက အပြောင်းအလဲ ဖြစ်ပါတယ်။
အရှေ့မှာ အဓိကစိန်ခေါ်မှုကတော့ ရုရှားနိုင်ငံက ထောက်ပံ့တဲ့ တစ်နှစ်ကို သဘာဝဓာတ်ငွေ့ ၁၅၈ ဘီလီယံ ကုဗမီတာကို ဥရောပသမဂ္ဂက တဖြည်းဖြည်း ရပ်ဆိုင်းလိုက်ရင် ကျန်ခဲ့မယ့် ကွာဟချက်ကြီးကို ဖြည့်ဆည်းပေးမှာ ဖြစ်ကြောင်း ဂျာမန်အဓိပတိရဲ့ နိုင်ငံခြားရေးဝန်ကြီး ယိုအာ့ဂ် ကူကီးစ်က မကြာသေးခင်က ပြောကြားခဲ့ပါတယ်။
ရုရှားဟာ အရင်က ဂျာမနီရဲ့ ကျောက်မီးသွေး ၄၀ ရာခိုင်နှုန်းနဲ့ ရေနံ ၄၀ ရာခိုင်နှုန်းကို ထောက်ပံ့ပေးခဲ့ကြောင်း ကူကီးစ်က ဆိုပါတယ်။
ဂျာမနီဟာ ဓာတ်ငွေ့ထောက်ပံ့မှု ကွာဟချက်ကို ဖြည့်ဆည်းပေးဖို့ သဘာဝဓာတ်ငွေ့ရည် (LNG) တင်သွင်းတဲ့ ဂိတ်စခန်းတွေကို အမြန်တည်ဆောက်နေပေမယ့် အမေရိကန်နဲ့ ကာတာတို့က ဓာတ်ငွေ့ရည် ၃၀ ဘီလီယံ ကုဗမီတာကို ဥရောပကို အတူတကွ ပံ့ပိုးနိုင်ပေမယ့်လည်း ကြီးမားတဲ့ကွာဟချက်က ရှိနေဦးမယ် လို့လည်း သူက ထောက်ပြထားပါတယ်။