ယူကရိန်းနိုင်ငံရဲ့ အရေးပေါ်ဝန်ဆောင်မှုဌာနဟာ ပြီးခဲ့တဲ့နှစ်က ရှေ့တန်းစစ်မျက်နှာဖြစ်ခဲ့တဲ့ မိုင်ကိုလေ့ဗ်ဒေသ ကျေးလက်မြေမှာ ရုရှားတပ်ဆုတ်ခွာပြီး လပိုင်းအတွင်း မပေါက်ကွဲသေးတဲ့ လက်နက်တွေကို ရှင်းလင်းနေပါတယ်။
၂၀၂၂ နိုဝင်ဘာမှာ ယူကရိန်းရဲ့ တန်ပြန်ထိုးစစ်ဟာ မိုင်ကိုလေ့ဗ်နဲ့ ခါဆွန်ဒေသ အစိတ်အပိုင်းတွေကနေ ရုရှားစစ်တပ်တွေကို မောင်းထုတ်နိုင်ခဲ့ပါတယ်။
ယူကရိန်းတပ်တွေ ပြန်မသိမ်းမီ လပေါင်းများစွာ ရှေ့တန်းဖြစ်ခဲ့တဲ့ ဘလာဟိုဒတ်နေရွာဟာ စစ်ဒဏ်ကို အကြီးအကျယ် ခံခဲ့ရတာပါ။
ရဟတ်ယာဉ်ကနေ ပစ်ခတ်တဲ့ ဒုံးကျည်အကြွင်းအကျန်တွေကို အောင်အောင်မြင်မြင် ထိန်းချုပ် ဖောက်ခွဲအပြီးမှာ ဒီလို လက်နက်တွေကို စစ်စခန်းတွေ၊ ယာဉ်တွေကို ပစ်ခတ်ရာမှာ သုံးခဲ့တယ်လို့ မိုင်းရှင်းရေးအရာရှိ ဗလာဒီဆလဗ် ဟရီးစိန်းက ပြောပါတယ်။
သူ့တပ်ဖွဲ့ မိုင်းရှင်းနေတဲ့ လယ်ကွင်းထဲမှာ ရုရှားတပ်တွေ တပ်စွဲဖူးတယ်လို့လည်း သူက ဆက်ပြောပါတယ်။
ယူကရိန်းနယ်မြေ ၃၀ ရာခိုင်နှုန်းကို ရုရှားက မိုင်းထောင်ခဲ့တယ်လို့ ယူကရိန်းဝန်ကြီးချုပ် ဒဲနစ် ရှင်မ်ဟယ်က ဧပြီနှောင်းပိုင်းမှာ ပြောပါတယ်။
အစိုးရက စိုက်ပျိုးမြေတွေမှာ မိုင်းရှင်းတာကို ဖြစ်နိုင်သမျှ အမြန်ဆုံးလုပ်ဖို့ အာရုံစိုက်ထားတယ်လို့လည်း သူက ပြောပါတယ်။
ရုရှားစစ်တပ်က ယူကရိန်းနိုင်ငံအရှေ့ဘက်က ဘက်ခ်မွတ်မြို့ကို ဝိုင်းရံသိမ်းပိုက်ဖို့ သီတင်းပတ် တပတ်ကြာအောင် ထိုးစစ်ဆင်နေလို့ လက်နက်ကြီးကျည်တွေဟာ အိမ်နီးချင်း ချာဆိဗ်ယာ မြို့ထဲကို ကျရောက်ခဲ့ပါတယ်။
ဖေဖော်ဝါရီ ၂၇ ရက်က စူပါမားကက် တခု မီးလောင်ခဲ့ပြီးနောက် မြို့ထဲမှာ ပေါက်ကွဲသံတွေ ဆက်တိုက် ကြားနေရတာပါ။
ဘတ်ခ်မွတ်မြို့ထဲက ယူကရိန်းစစ်တပ်ရဲ့ အသက်၂၅ နှစ်အရွယ် တပ်ဖွဲ့ဝင် တယောက်ကတော့ ယူကရိန်းဟာ ဘတ်ခ်မွတ်မြို့ကို ဖြစ်နိုင်သမျှ အကြာဆုံး ထိန်းသွားမယ်လို့ ပြောပါတယ်။
“ကျနော်တို့ဘတ်ခ်မွတ်ကို မစွန့်လွှတ်ဘူး. ယူကရိန်းအတွက် ဂုဏ်ယူတယ်”လို့ တပ်ဖွဲ့ဝင်က ပြောတယ်။
ယူကရိန်းစစ်ပွဲအတွင်း သွေးချောင်းအစီးဆုံး တိုက်ပွဲတချို့ ဖြစ်နေဆဲ ဘတ်ခ်မွတ်မြို့ကို သိမ်းနိုင်ရင် အချိန် ၆ လကျော် အတွင်း ပထမဆုံး အနေနဲ့ ရုရှားရဲ့ ဆုလာဘ် ဖြစ်လာမှာပါ။
ဒါဟာ ဒွန်းနက်စ်ဒေသတွင်း နောက်ဆုံးလက်ကျန် မြို့ပြကို သိမ်းဖို့ လမ်းပွင့်သွားမှာလည်း ဖြစ်ပါတယ်။