ရုရှားစစ်တပ်ရဲ့ နျူကလီးယားဗုံး တင်ဆောင်နိုင်တဲ့ လေယာဉ် Tu 95 ဟာ အတ္တလန္တိတ် သမုဒ္ဒရာထဲက နိုင်ငံတကာ လေပိုင်နက်ထဲမှာ ဖြတ်ကျော်ပျံသန်းရင်း ဖေဖော်ဝါရီ ၃ ရက်က စစ်ရေးလေ့ကျင့်နေပါတယ်။
စစ်လေယာဉ်ဟာ ရေငုပ်သင်္ဘော ရှာဖွေရေးအတွက် လေ့ကျင့်သလို လေထဲမှာ လောင်စာဖြည့်တာကိုလည်း လေ့ကျင့်နေတဲ့ ရုပ်သံကို ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဖြန့်ချိခဲ့ပါတယ်။
ရုရှားစစ်တပ်ရဲ့ လှုပ်ရှားမှုတွေကို အနောက်နိုင်ငံတွေက အနီးကပ် စောင့်ကြည့်နေပြီး ယူကရိန်းနယ်စပ်တွေနားမှာ ရုရှားက စစ်တပ်တွေ တိုးမြှင့်ချထားနေလို့ ကျူးကျော်စစ်အတွက် စိုးရိမ်နေကြပါတယ်။
ရုရှားဟာ ယူကရိန်းနဲ့ နယ်စပ်ချင်း ထိစပ်နေတဲ့ ဘဲလာရုစ်နိုင်ငံမှာ ဖေဖော်ဝါရီ ၁၀ ရက်ကနေ ၂၀ ရက်ကြား ပူးတွဲ စစ်ရေးလေ့ကျင့်ဖို့ လက်နက်ကြီးတွေနဲ့ အရေအတွက် မသိရသေးတဲ့ စစ်သည်တွေကို စေလွှတ်ခဲ့ပြီး စစ်ရေးလေ့ကျင့်လို့ပြီးရင် ရုရှားကို ပြန်ခေါ်သွားမယ်လို့ ပြောပါတယ်။
ရုရှားနဲ့ ဘယ်လာရုစ် တပ်တွေ ပူးတွဲစစ်ရေးလေ့ကျင့်ဖို့ ပြင်ဆင်မှုကို စစ်ဆေးဖို့ ရုရှားကာကွယ်ရေး ဝန်ကြီး ဆာဂီလ် ရွှိုင်ဂူလဲ ဘဲလာရုစ်ကို ဖေဖော်ဝါရီ ၃ ရက်နေ့မှာ ရောက်လာပါတယ်။
သူဟာ ဘဲလာရုစ် သမ္မတ အလက်ဇန်းဒါး လူကာရှန်ကိုနဲ့ တွေ့ဆုံမယ်လို့ ရုရှားအခြေစိုက် အင်တာဖက်စ် သတင်းမှာ ဖော်ပြပါတယ်။
ရုရှားအစိုးရကတော့ ယူကရိန်းကိုတိုက်ဖို့ ပြင်နေတယ်ဆိုတဲ့ စွဲချက်ကို ငြင်းပါတယ်။
တဖက်မှာတော့ ယူကရိန်းကို နေတိုးအဖွဲ့ဝင် နိုင်ငံအဖြစ် လက်မခံဖို့ အမေရိကန်နဲ့ နေတိုး စစ်ရေး မဟာမိတ်အဖွဲ့တို့ဆီက လုံခြုံရေး အာမခံချက်ကို တောင်းဆိုနေပါတယ်။